Breaking News

ဖိုးသံ (လူထု) - နောင်တော်ရဲဘော်ကြီးများကျေးဇူး



ဖိုးသံ (လူထု) - နောင်တော်ရဲဘော်ကြီးများကျေးဇူး

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၉

ကျွန်တော်တက္ကသိုလ်ကိုရောက်တော့ အသက်က ၁၆နှစ်ပြည့်ဖို့ လအနည်းငယ်လိုပါသေးတယ်။ ဒါ့အပြင် လူ့ဘဝ အတွေ့အကြုံ၊ ဖတ်ရှုလေ့လာမှုစတာမှာလည်း ဖြတ်သန်းမှုဟာ အင်မတန်မှစင်းလွန်းလို့ အတွေ့အကြုံမကြွယ်၊ လူရည် မလည်သူလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ စရောက်ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်မယ် ဆိုတဲ့ပိုင်းဖြတ်ချက်ဟာ ရှိပြီးလိုဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီတုန်းက မတကသ (မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ)တို့၊ ကျောင်းသား ညီညွတ်ရေးတပ်ဦးတို့မှာဦးဆောင်နေ၊ တက်တက်ကြွကြွပါဝင်နေလှုပ်ရှားနေသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်နဲ့လူချင်းရင်းနှီးပြီးဖြစ်နေပါတယ်။ နောက်ပြီး သူတို့အထဲမှာကျွန်တော်က အသက် အရွယ်အားဖြင့် အငယ်ဆုံး ဖြစ်နေတာကတကြောင်း၊ ဘယ်သူဘယ်ဝါ့သား လို့သိနေတာကလည်းတကြောင်းတို့ကြောင့် အားလုံးကကျွန်တော့်ကို ရင်းရင်းနှီးနှီးကြင်ကြင်နာနာဆက်ဆံကြပါတယ်။

ဒီဆောင်းပါးကိုရေးတဲ့ရည်ရွယ်ချက်တခုက အဲဒီတုန်းကဒီလောက(ကျောင်းသားလှုပ်ရှားမှုလောက)မှာ အကြီး၊ အငယ်၊ စီနီယာ၊ ဂျူနီယာဆက်ဆံမှုအကြောင်းဖြစ်ပါတယ်။ တက္ကသိုလ်ကိုရောက်သွားတော့ သူတို့အားလုံးဟာကျွန်တော့် အတွက်အစ်ကိုကြီး၊ အစ်မကြီးတွေဖြစ်နေပါတယ်။ မန္တလေးထောင်ထဲကိုကျွန်တော်နဲ့အတူရောက်ပြီး ထောင်ထဲမှာကျဆုံး သွားတဲ့ ကိုဌေးလှဟာကျွန်တော်နဲ့တက္ကသိုလ်ကိုတနှစ်ထဲရောက်တာပါ။ ဒါပေမဲ့ သူကအသက်ပိုကြီးပြီး လှုပ်ရှားမှုတွေထဲ မှာပါခဲ့တဲ့ ဖြတ်သန်းမှုလည်းကျွန်တော့်ထက်ရင့်လို့ ကျွန်တော်ကစီနီယာရဲဘော်ကြီးတယောက်လိုပဲသဘောထားပါတယ်။ 

အဲဒီခေတ်က ကျွန်တော်ကြုံဖူး၊ ဖြတ်သန်းဖူးတဲ့ ကျောင်းသားလှုပ်ရှားမှုလောကမှာ နောက်မှမွေးပြီး 'မိဦး' မှည့်တဲ့လူမရှိဘူးလို့ ထင်ပါတယ်။ ကိုယ့်အရင်လုပ်နေကြတဲ့၊ ရှေ့ကလျှောက်နေတဲ့လူတွေကို နောက်ကလူတွေကလေးစားအသိအမှတ်ပြုကြ ပါတယ်။ ကျွန်တော်ကလည်း ကိုယ့်အရင်လုပ်နေသူတွေနဲ့ဆက်ဆံရင် လူအောက်ကျို့လို့လူမပိပါဘူးဆိုတဲ့ မိဘတွေရဲ့ သင်ကြားချက်အတိုင်း ဆက်ဆံပါတယ်။ သူတို့ကကျွန်တော်နဲ့စကားပြောရင် “မင်း-ငါ” လို့ပြောပြီး ကျွန်တော်ကတော့ “ခင်ဗျား-ကျွန်တော်”သုံးနှုန်းပါတယ်။ ကျွန်တော့်ကိုညွှန်းပြီးပြောရင်တချို့က“ကောင်လေး”လို့လည်းညွှန်းလေ့ရှိကြ ပါတယ်။ ဒါလေးတွေဟာ မေ့မရတဲ့သူတို့နဲ့ဆက်ဆံရေးထဲက ထူးထူးခြားခြားခေါင်းထဲမှာကျန်နေတဲ့ ကြည်နူးစရာ အမှတ်လက္ခဏာတွေလို့ ကျွန်တော်ဂုဏ်ယူရတဲ့အရာတွေဖြစ်ပါတယ်။ 

ကျွန်တော့်ဘဝအတွက်အလွန်အဖိုးတန်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးဗဟုသုတတွေကို ဒီလိုနည်းနဲ့သူတို့ဆီကရခဲ့တာပါ။ စာဖတ်စရာ၊ စာရေးသူ စတာ တွေလည်း သူတို့ညွှန်းသမျှကိုလိုက်ဖတ်၊ လိုက်ခံစားခဲ့တာမှတ်မိနေပါတယ်။ ဗန်းမော်တင်အောင်ရေးတာတွေဖတ်၊ ဂေါ်ကီရေးတာ တွေဖတ် စတာတွေကိုသူတို့ဆီကသိရတာပါ။ ဒဂုန်တာရာရေးဖွဲ့တာဘယ်လိုနုတယ်၊ ဒေါင်းနွယ်ဆွေရေးတာဘယ်လို ရှိတယ်စတာမျိုးတွေကိုလည်း နတ်က'ရာကြည့်မော နားထောင်ရင်နားလည်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် စစ်တုရင် ကစားရာမှာသာမက သာမန်လူမှုဆက်ဆံရေးဘဝထဲက ကျွန်တော့်ရဲ့မှားကွက်တွေ၊ အားနည်းချက်တွေကို ထောက်ပြကြ၊ သွန်သင်ပေးကြတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။

မှတ်မှတ်ရရ၊ ကျွန်တော်တက္ကသိုလ်ရောက်တဲ့ပထမနှစ်က ကိစ္စလေးတခုပြောပြချင်ပါတယ်။ ဒီနေ့အထိဗမာပြည်ရဲ့ တက္ကသိုလ်တွေရဲ့သမိုင်းမှာ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲတွေကို ၁၉၆၁ခုနှစ်မှာနောက်ဆုံးကျင်းပခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အဖို့မှီရုံလို့ပြောရပါလိမ့်မယ်။ ဒီလိုနဲ့ရွေးကောက်ပွဲမလုပ်မီ တနေ့လယ်မှာ ကျောင်းသားညီညွတ်ရေးတပ်ဦး က သမဂ္ဂရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့်ကိုယ်စားလှယ်တွေကို ရာဇတ်ခန်းမထဲမှာ ကျောင်းသားထုနဲ့ မိတ်ဆက်ပွဲ လုပ်ပါတယ်။ အမှုဆောင်အရွေးခံမယ့်ကိုယ်စားလှယ်တွေက တယောက်ပြီးတယောက်မိန့်ခွန်းပြောကြတာပါ။ တက္ကသိုလ် ရောက်ခါစ အင်မတန်တက်ကြွနေတဲ့ ကျွန်တော်ဟာဒီလိုပွဲမျိုးကိုဘယ်အလွတ်ခံလိမ့်မလဲ။ (ရှေ့တန်းကထိုင်လို့ မကောင်း လို့) ခန်းမကြီးရဲ့အလယ်နားမှာ ကိုကြည်လင်(ကဗျာဆရာကြည်အောင်)၊ ကိုသောင်းရွှေ၊ ကိုမြသွင်(မြင်းခြံ)၊ ကိုကျော်ထွေး (မြင်းခြံ)၊ ကိုကျော်ဝင်း(ပခုက္ကူသား၊ မြင်းခြံ- ရှစ်လေးလုံးအရေးတော်ပုံတုန်းက မိန့်ခွန်းပြောရင်း လဲကျ ကွယ်လွန်သွားသူ) စသူတွေနဲ့အတူထိုင်နားထောင်ပါတယ်။ 

ဒီလိုနဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့အရွေးခံကိုယ်စားလှယ်တယောက်မိန့်ခွန်းထပြော တော့ ကျွန်တော်ကလူသိ-လူတတ်ကြီးလုပ်ပြီး “ဒါထက်၊ ဒီလူအရင်က ပါတီမှာလုပ်ဖူးတယ်ဆို၊ မဟုတ်ဘူးလား”လို့ပြောလိုက်ပါတယ်။ ဒီအခါမှာ ကျွန်တော့်ဘေးမှာကပ်လျက်ထိုင်နေတဲ့ကိုသောင်းရွှေက ကျွန်တော့် ဘက်ကိုခေါင်းငဲ့၊ ကပ်ပြီး “ဟေ့ ကောင်လေး၊ ဒါမျိုးကဒီလိုနေရာမှာပြောရတာမဟုတ်ဘူးကွ”လို့သတိပေးပါတယ်။ အဲဒီ တုန်းက သူပြောတာကိုကျွန်တော် ချက်ချင်းသဘောမပေါက်ပါဘူး။ ဒါပေမဲ့ အကိုကြီးတွေရဲ့စကားဆိုပြီး လိုက်နာခဲ့ ပါတယ်။ ကာလတခုဖြတ်သန်းပြီးမှ ကိုယ်'နု'တာဆိုတာကိုသဘောပေါက်တာပါ။

ကိုသောင်းရွှေ (ရှမ်းပြည်နယ်ပေါင်းလောင်းဒေသမှာကျဆုံးသွားသူ)၊ ကိုကျော်ခင်(ပဲခူးရိုးမမှာကျဆုံးသွားသူ)၊ ကို ထွန်းကြည် (မြစ်ဝကျွန်းပေါ်မှာကျဆုံးသွားသူ)၊ ကိုမျိုးမြင့် (မြစ်သား၊ ဗကသ- အရှေ့မြောက်စစ်ဒေသမှာကျဆုံးသွားသူ)နဲ့ ကိုအောင်သူ(ငယ်နာမည်ကိုအောင်ငွေ-မြင်းခြံ-မတကသနောက်ဆုံးအတွင်းရေးမှူး) စသူတွေဟာ ကျွန်တော့်အကို ကို အကြောင်းပြုပြီး ကျွန်တော်တက္ကသိုလ်မရောက်ခင်ကတည်းက ကျွန်တော်တို့အိမ်ကိုဝင်ထွက်၊ စားသောက်နေကြသူ တွေမို့ ကျွန်တော်တို့မောင်နှမတွေနဲ့ရင်းနေနှင့်ကြပါတယ်။ ၁၉၆၃ခုနှစ်၊ တိုင်းပြည်နဲ့အဝှမ်းမှာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ် ရှားမှုတွေ ဝှဲချီးကျင်းပနေကြတော့ ကျွန်တော်တို့က ၃၁လမ်း၊ သုခဝတီပုံနှိပ်တိုက်အနောက်ဘက်နားက သခင်သန်းဖေ အိမ်မှာပိုစတာတွေရေးကြပါတယ်။ အဲဒီအခါမှာ တခါမှပိုစတာမရေးဖူးတဲ့၊ လက်ဝဲစာလုံးနည်းနည်းရေးတတ်တဲ့ကျွန်တော့် ကို ကိုသောင်းရွှေက"ဟေ့ကောင်၊ ဒီလိုအခွင့်ကောင်းကိုလက်မလွတ်စေနဲ့၊ လာရေးလှည့်၊ ငါတို့လည်းဒီလိုလေ့ကျင့်ခဲ့ တာပဲ"ဆိုပြီး အတင်းရေးခိုင်းပါတယ်။ သင်လည်းပေးပါတယ်။ ဒီလိုနဲ့နိုင်ငံရေးသမားအဋ္ဌရသတခုကို့တတ်လာခဲ့တာပါပဲ။ အကောင်းစားမဟုတ်တောင် မရှိသုံးလောက်တော့ဖြစ်လာတာပေါ့။

အလားတူပဲ ကျွန်တော့်ကိုကဗျာတွေစာတွေရေးချင်အောင်၊ ရေးဖြစ်အောင်တိုက်တွန်းထောက်ပြတာဟာ ကျွန်တော့် မိဘကလွဲရင် အကိုကြီးကိုကြည်လင်(ကြည်အောင်)အများဆုံးပဲဖြစ်တယ်လို့ ကျွန်တော်ရဲရဲပြောဝံ့ပါတယ်။ သူက ကျွန် တော်ရေးတာတွေကို ထောက်ပြဝေဖန်တာတွေလုပ်ရင် ကျွန်တော်ကလည်းအလွန်လေးလေးနက်နက်နဲ့နားထောင် စဉ်း စားပါတယ်။ မှတ်မိသလောက်ဆိုရင် ငယ်တုန်းရေးမိတဲ့ကျွန်တော့်ရဲ့အချစ်ကဗျာလေးတွေကိုတောင်မှ သူကအပြစ် မပြော၊ မရှုတ်ချဘဲ ချီးကျူးတန်ချီးကျူး၊ ထောက်ပြတန်ထောက်ပြခဲ့တာမှတ်မိနေပါတယ်။

ကျောင်းသားသမဂ္ဂရဲ့သမိုင်းအစဉ်အလာ၊ ဗမာပြည်ရဲ့နိုင်ငံရေးသမိုင်း၊ လက်တွေ့အခြေအနေစတာတွေကို ရှင်းပြ ပြောပြတာကတော့ အားလုံးလိုလိုကပဲလို့ဆိုရပါမယ်။ လက်ဖက်ရည်ဆိုင်မှာ၊ လက်ဖက်သုပ်ဆိုင်မှာ၊ ဘတ်စ်ကား မှတ် တိုင်မှာ၊ လူနေခန်းတွေထဲမှာ မှတ်မှတ်ရရဆိုတာတွေအများမှ အများကြီးဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျွန်တော့်အပေါ် စဉ်းစားတွေးခေါ်နည်းတွေမှာ သြဇာအညောင်းဆုံးလူတွေဟာ သူတို့ပဲလို့ပြောနိုင်ပါတယ်။

ကျွန်တော်တက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်အစမှာပဲ'၇'ရက်ဇူလိုင်အရေးအခင်းဖြစ်ပွား၊ သမဂ္ဂတွေဖျက်သိမ်းခံရတာ မို့ကျွန်တော်တို့ရဲ့ဆုံစည်းရာ၊ လုပ်ငန်းလုပ်ကိုင်ရာ မတကသကပ်တဲကြီးလည်းဖျက်သိမ်းတာခံလိုက်ရပါတယ်။ ကျောင်း သားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်၊ ဦးဆောင်ဦးရွက်ပြုနေကြသူတွေဟာ နဂိုကတည်းကမှ အဆောင်က အထုတ်ခံထားရတာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အဆောင်မှာနေနိုင်တဲ့လူမများလှပါဘူး။ ဒါကြောင့် သမဂ္ဂ အဆောက်အဦကြီးမရှိတော့တဲ့အခါမှာ သူတို့တတွေဗောဓိကုန်းထဲမှာနေကြ၊ ဗောဓိကုန်းကအိမ်တွေမှာ စာကူးစက်ထား၊ ရုံးလုပ်ကြသလိုဖြစ်ကုန်ပါတယ်။

အဲဒီလိုနေရာတွေအထဲမှာ ဗောဓိကုန်းအဝင်နားက "သပြေ"ဆိုတဲ့အိမ်ကလေးဟာ အထင်ရှားဆုံး၊ ကျောင်းသားတွေ ရော၊ ထောက်လှမ်းရေးပါ သတိအထားဆုံးအိမ်လို့ဆိုနိုင်ပါတယ်။ အဲဒီမှာနေတာက ကိုအောင်သူ၊ ကိုမြသွင်၊ ကိုလေး မောင်(ကိုကိုးကျွန်းမှာကျဆုံး)၊ ကိုအောင်ငြိမ်း(ကိုကိုးကျွန်းပြန်)၊ ကိုကျော်ဝင်း၊ ကိုဘိုမင်း စတဲ့ မြင်းခြံသားကျောင်းသား လေး-ငါးယောက်ပါ။ အားလုံးဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွသူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်လို အပြင်ကနေ ဒီအိမ်ကို ကိုယ့်အိမ်ကိုယ်ရာအလား လာနေကြသူတွေကအများကြီးပါပဲ။

ကျွန်တော့်ရဲ့ဒီနောင်တော်ကြီးများထဲမှာ အရက်ကြိုက်သူ၊ ဆေးလိပ်ကြိုက်သူ၊ ကွမ်းကြိုက်သူများလည်းပါပါတယ်။ ဒါပေမဲ့ ဘယ်သူမှ၊ တခါမှ ကျွန်တော့်ကိုကွမ်းစား၊ အရက်-ဆေးလိပ်သောက်ဖို့မတိုက်တွန်းဖူးပါဘူး။ ကျွန်တော်ရှိနေလို့ အရက်မသောက်ဘူးဆိုတာတောင်ရှိဖူးပါတယ်။ သူတို့ပါးစပ်ကအယုတ္တအနတ္တစကားတွေ တခါမှမကြားဖူးသလို၊ အချင်း ချင်းအကြောင်း မကောင်းပြောတာလည်း မကြားဖူးပါဘူး။ ဘယ်သူတွေက (ရှေ့ကသွားနှင့်သူကျောင်းသားခေါင်းဆောင် များအပါ) ဘယ်လောက်၊ ဘယ်လိုတော်ကြောင်းပြောတာဆိုတဲ့ မုဒိတာစကားတွေသာ့ မပြတ်ကြားရပါတယ်။ ဒီလိုနဲ့ ကျောင်းသားလှုပ်ရှားမှုထဲက တက်ကြွသူတွေရဲ့ကျင့်ထုံးသာမက သာမန်လူတယောက်ရဲ့ ကျင့်ဝတ်တွေပါသူတို့ဆီက လေ့လာရရှိခဲ့တယ်ဆိုရင်မမှားပါဘူး။

ဘာပဲပြောပြော တခြားလူ့အဖွဲ့အစည်းတွေမှာ တွေ့ရခဲလှတဲ့ ရဲဘော်ရဲဘက်ဆက်ဆံရေးဆိုတာကို ဒီနောင်တော် ကြီးတွေဆီက သင်ယူ၊ နားလည်ခဲ့တယ်လို့ဝန်ခံချင်ပါတယ်။

ဖိုးသံ (လူထု)