Breaking News

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၃၄)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၃၄)
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၉
ကမ္ဘာကြိုက် ဗမာ့ကျွန်းသစ်

(၁)
အင်္ဂလိပ်လို Teak ဟူသည် မလေးစကား Tekha ကယူပြီး ကျွန်းသစ်ကိုခေါ်ခြင်းဖြစ်သည်။ အိန္ဒိယ၌ လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀) ကျော်ကရှိသော ကျွန်းသစ်၊ မြန်မာပြည်တွင် ရှေးပဝေသနီကတည်း သဘာဝအလျောက် ပေါက်သည်။ စပါးစိုက်ဖို့ ကျွန်းပင်ပျိုတွေ လှဲ တောင်ယာလုပ်၊ ထင်းအဖြစ်သုံးလောက်အောင် ဖောသီလှပါဘိ။ အိမ်ဆောက်ရာမှာ အခြားအသုံး အဆောင်များ ပြုလုပ်ရာမှာလည်း သုံးပါ၏။ လိုသည်ထက် ပိုလျှံနေသည်ကိုကြည့်ပါ။

အင်္ဂလိပ်တို့ အောက်မြန်မာပြည်ကို သိမ်းပိုက်လိုက်သောအခါ တနင်္သာရီတိုင်းမှ ကျွန်းသစ်တောများကို စတွေ့လိုက်ကြသည်။ ၁၈၂၉ ခု၊ တွင် ပုဂ္ဂလိကကုမ္ပဏီများအား ခုတ်လှဲထုတ်ယူခွင့်ပေးလိုက်ရာ အငမ်းမရလုပ်ကြသဖြင့် ၁၈၄၁ ခုတွင် သစ်တော ဥပဒေများပြဌာန်းပြီး သစ်တောမင်းကြီးခန့်ကာ ကြီးကြပ်စေသည်။ အကြီးဆုံးကုမ္ပဏီက Bombay Burmah TradingCorporation Ltd. ဖြစ်ပြီး ၎င်းကြောင့် ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲပင် ဖြစ်ခဲ့ရ၏။

ပျဉ်းမနားဘက်တွင် ကျွန်းသစ်များ မတရားခုတ်လှဲသောကြောင့်ပါ။

(၂)
မြေနှင့်ရာသီဥတုကို ရွေးကာသဘာဝပေါက်သော ကျွန်းပင်ကို အင်ဒိုနီးရှား၊ ယိုးဒယား၊ လော စသော နိုင်ငံအချို့၌လည်း အနည်းအကျဉ်း တွေ့ရသော်လည်း မြန်မာပြည်မှာလောက်မများ၊ ထို့ပြင် အဆင့်အတန်းခြင်းကလည်းမတူ။ သည်လိုနှင့်ပင် မြန်မာတပြည်လုံးကို အင်္ဂလိပ်သိမ်းပြီးနောက် ကျွန်းသစ်ပိုမိုထုတ်လာရာ ဗြိတိသျှအင်ပါယာမှာသာမက ဗမာကျွန်း ( Burma Teak) ကမ္ဘာကြိုက် နေ့ချင်းညချင်းဖြစ်သွားပြီ။

အဘယ့်ကြောင့်ကျွန်းသည် အခြားသစ်များထက် သာသနည်း။

ကျွန်းသည် နေ လေ မိုးစသည့် ဥတုသုံးပါးဒဏ် ကြံ့ခံသည်။ ထို့ကြောင့် ဗိုလ်တဲ၊ သံတဲ သစ်တောဌာန အဆောက်အအုံများ စသည်တို့ကို ကျွန်းနှင့်ဆောက်လုပ် ရေနံချေးသုတ်ထားလိုက်လျှင် နှစ်ပေါင်းများစွာခံ၏။ အလားတူလူနေအိမ်များ၊ အစိုးရရုံး များ၊ ကျောင်းများကိုလည်း ကျွန်းသစ်ဖြင့် ဆောက်ကြသည်။ ကျွန်းသစ်သည် ပေါ့ပါး၍လည်း သင်္ဘောများဆောက်ရာ၌ အထူးအသုံးဝင်၏။ ၁၉ ရာစုက ဗြိတိသျှအင်ပါယာတွင် အကြီးဆုံးရေတပ်ရှိ၍ ဗမာ့ကျွန်း တဟုန်ထိုးနာမည် တက်လာခြင်းဖြစ် သည်။

အကွက်အသွေးလှ၍ ကျွန်းကို ပရိဘောဂများ၌အသုံများ၍ ကမ္ဘာကြိုက်ဖြစ်ရခြင်း နောက်တချက်ပါ။

(၃)
သစ်တောအာဏာပိုင်သည် သစ်တော်ဌာန (Department of Forestry) ဖြစ်ပြီး၌င်းတွင် ဖမ်းဆီးခွင့်၊ တရားစွဲခွင့်၊ အခွန် ကောက်ခွင့် စသည်တို့ရှိသည်။ သစ်တောဥပဒေ၊ ကျင့်ထုံး၊ စည်းမျဉ်း တို့ဖြင့်သစ်တောကို သာမက သစ်ထုတ်ရာ၌အသုံးပြု သော ဆင်များကိုင်တွယ် စောင့်ရှောက်ရေးလက်စွဲစာအုပ်များ ပြုစုကျင့်သုံး၏။ ကျွန်းပင်များကို ကြိုးဝိုင်း (Reserve) ဟုသတ်မှတ်ထားရာ အတွင်းသို့ မည်သူမှမဝင်ရ။

အနည်းဆုံးနှစ် (၈၀) ပြည့်၊ လုံးပတ် ရ ပေ ၆ လက်မရှိ အပင်များကို နံပါတ်ရိုက်ကာ ခုတ်လှဲခွင့်ပေး၏။ လုပ်ခွင့်ရသူက ထိုအပင်၏ပင်စည်ခြောက်သွားရန် သင်းပစ်ပြီး ၃ နှစ်ကြာမှ ခုတ်လှဲရသည်။ ဘုံဘေဘားမား၊ မက္ကရီကာ၊ စတီးဘရားသား၊ ဖင်းလေးတို့လို အင်္ဂလိပ်ကုမ္ပဏီကြီးများနည်းတူ ဟာဂျီဦးဘအိုလည်း လုပ်သည်။ ကိုင်းဖျားကိုင်းနား ရှင်းလင်းပြီးနောက် သစ်တောဌာနမှ EO (Executive Officer) က စစ်ဆေးပြီး ခွင့်ပြုသည်။ သစ်တောဌာသို့ အခွန်ဆောင်ပြီးနောက် ကျွန်းသစ်လုံး ကြီးများကို ထုတ်ယူရသည်။

လှဲလိုက်သော အပင်ထက်မနည်းသော ပင်ပျိုများကို သစ်တော်ဌာန ပြန်စိုက်ရ၏။

မျိုးစေ့ အပင်ပျို စသည်တို့နှင့် အလုပ်သမားငှါးပြီး နှစ် (၁၀၀) (၂၀၀) ကြာမှလှဲရန် စနစ်တကျပြန်လည်စိုက်ပျိုးသော ကြိုးဝိုင်း (Plantation Reserve) များလည်းရှိ၏။ EO များအဖြစ် B.Sc (Forestry) ဘွဲ့ရများအား ခန့်ထားပြီ၊ အခြားအဆင့် ဝန်ထမ်း များကိုမူ မေမြို့တွင် သစ်တောသင်တန်းကျောင်းဖွင့်ကာ မွေးထုတ်လေ့ကျင့်ပေးသည်။


(၄)
သစ်လုပ်ငန်းရှင်တို့က ကျွန်းလုံးကြီးများကို တောထဲကနေ ဆင်များသုံး၍ သယ်ထုတ်ရ၏။ ထို့နောက် ဘူတာရုံ အများအားဖြင့် မြစ်ကြီးများသို့ပို့ရာ၌ သစ်လုံးတင်မော်တော်ကားများသုံးသည်။ သစ်ဆိပ်၌ တောခေါင်းလို သစ်တောဌာန တာဝန်ခံများက စစ်ဆေးသေး၏။ သစ်လုံးများကိုဖောင်ဖွဲ့ကာ ရေကြောင်းကနေ သင်္ဘောနှင့်ဆွဲရသည်။ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်သာမက သံလွင်မြစ်ကိုပင် အသုံးပြုကြသည်။

နိုင်ငံခြားပို့မည့်သူတို့က ရန်ကုန်ဆိပ်ကမ်းသို့ ပြည်တွင်းသုံးမည့်သူတို့က သစ်ခွဲစက်များသို့ သယ်ယူပို့ဆောင်ကြသည်။ ဈေးကွက်ရှိရာ နိုင်ငံခြားတိုင်းပြည်များသို့ ပို့ဆောင်ရောင်းချာပြန်တေ့လည်း ဗမာ့ကျွန်းလည်း ပိုပြီး ကမ္ဘာသိ ပိုပြီးနာမည်ကြီး ပေါ့။

(၅)
၁၉၄၈ ခု၊ မြန်မာပြည်လွတ်လပ်ရေးတော့ သစ်တော်ဌာန (Department of Forestry) ကို ကောင်းမွေအဖြစ် ရရှိလိုက်၏။ အင်္ဂလိပ်ခေတ်ကကဲ့သို့ စနစ်တကျပြန်ဖွဲ့၏။ အမှုထမ်းဖူးသူ အမှုထမ်းခဲ့သူ မြန်မာများအား အမာခံထားသည်။ သစ်တော ဥပဒေ၊ ကျင့်ထုံး၊ စည်းမျဉ်းတို့ အတိအကျကျင့်သုံးရုံမက ဖမ်းဆီးခွင့်၊ တရားစွဲခွင့်၊ အခွန်ကောက်ခွင့် စသည်တို့လည်း ဆက် ပေးထားသည်။

B.Sc (Forestry) ဘွဲ့ရများ ရရိနိုင်ရန် ရန်ကုန်တက္ကသိုလ်နှင့် ညှိနှိုင်းပြီး 2nd yr. B.Sc (Forestry) သင်တန်သားများအား မြင့်မားသော ထောက်ပံ့ကြေးပေးကာ အန္ဒိယနိုင်ငံသို့စေလွှတ် အင်္ဂလိပ်ဟိုတယ်၌ထား ပညာဆက်သင်စေခြင်းဖြင့် EO (Executive Officer) များမွေးထုတ်၏။ မေမြို့သစ်တောသင်တန်းကျောင်းကို နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ မွန်းမံတိုးချဲ့ လိုက်သည်။

၁၉၆၅ ခု၊ နှစ်တွင် ကျနော်လွိုင်ကော်သို့ ညောင်ရွှေဘက်ကသွားပြီး ဆီဆုံ၊ တောင်ကြီးဘက်က ပြန်လာရာ လမ်းတလျှောက် ကျွန်းပင်ကြီးများ ငေးကြည့်လာခဲ့ဖူး၏။ လှလိုက်သည့်ရှုခင်း။ သို့သော်လည်း မြန်မာပြည်၌ ဇီးကုန်းကျွန်းတောသည် အလှပ ဆုံးဟု သစ်တော်ဌာနက သတ်မှတ်ထား၏။

သစ်တောဌာနသည် လယ်ယာစိုပျိုးရေးနှင့် သစ်တောဝန်ကြီးလက်အောက်၌ ရှိသော်ငြားလည်း သီးခြားလွတ်လပ်သော ကြောင့် ဝန်ကြီးဝင်ရောက်စွက်ဖက်ခွင့် လုံဝမရှိ၊ ဥပဒေ စသည်တို့ပြင်ဆင်လိုပါက ပါလီမန်လွှတ်တော်သို့ ပြင်ဆင်တင်သွင်း အတည်ပြုချက်ရယူရ၏။

(၆)
အင်္ဂလိပ်သစ်လုပ်ငန်းရှင်တို့ ရှိနေဆဲကာလမှာပင် ဟာဂျီဦးဘအိုတို့လို တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပိုရှိပိုများလာပြီ။ သစ်ခွဲ စိတ်ထုတ်လုပ်ရန် အစိုးရက State Timber Extracting Organization ဖွဲ့စည်းပြီး စတင်လုပ်ဆောင်သောကြောင့် ရှိရင်းစွဲ လွှစက်သစ်စက်တွေ ပိုများလာပြီ။ ကျွန်းသစ်သာမက ပျဉ်းကတိုး၊ ပိတောက်ကဲ့သို့ အခြားသောသစ်မာ (Hard Wood) များတိုးချဲ့လုပ်ကိုင်လာပြီ။

အရှိန်ရအဆင်ပြေလာပြီမို့ မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့ STB (State Timber Board) ကို စနစ်တကျ ဝါရင့်ကျွမ်းကျင် ပညာရှင်များအား အမခံထားကာ ဖွဲ့စည်းတည်ထောင်သည်။ ကြိုးဝိုင်း၌ ကျွန်းလုံးများထုတ်ယူရန် သစ်တောဌာနှင့် STB တို့မှ EO နှစ်ယောက်လက်မှတ်ထိုးရသည်။

STB ပိုင်သစ်စက်ကြီးများရှိလာပြီ။

ခေတ်မီ သစ်လုံးသယ် ဝန်ချီစက်များရှိလာပြီမို့ ဆင်ကြီးတွေ နားနနားနေနေ၊ လုပ်ငန်းပိုမြန် ပိုသွက်လာသည်။ STB ၏ ပရိဘောဂလုပ်စက်ရုံရှိလာ၍ ထုတ်လုပ်ရောင်းချသည်။ ကမ္ဘာ့သစ်ကုန်သည်တို့ ရန်ကုန်သို့ လာရောက်က ဝယ်ရသောကြောင့် STB မျက်နှာပွင့်ပါဘိ။ အထပ်သားစက်ရုံများမှလည်း ထုတ်လုပ်ရောင်းချ၏။ တိုင်းရင်းသား သစ်လုပ်ငန်းရှင်များလာ၊ နိုင်ငံ၏ဝင်ငွေလည်း တိုးလာနေသည်မှာ ၁၉၆၂ ခု၊ မတ်လ စစ်တပ်က အာဏာသိမ်းလိုက်ချိန် အထိဖြစ်၏။

(၇)
သစ်တောပညာရှင်များနေရာ စစ်ဗိုလ်များဝင်လာပြီ။

သစ်တော ဥပဒေ၊ စည်းမျဉ်းတို့ ပျက်ပြယ်စဖြစ်လာပြီး စည်းမဲ့ကမ်းမဲ့ စတင်ခုတ်လှဲလာကြပြီ။ ၁၉၈၈ ခု၊ နဝတခေတ် ကျွန်း သစ်ကို လက်နက်ကိုင်သူပုန်တို့နှင့် နိုင်ငံရေး အပေးအယူရာကနေ သစ်ခိုးလှဲ ခိုးထုတ်မှုလည်း စတင်လာလေပြီ။ ထို့နောက် ကျွန်းပင်ကြီးက ကိုင်ပင်လေးကိုမှီဟု မိန့်ခွန်းပြောသော ဗိုလ်ချုပ်ကြီးတို့လက်ထက် ပိုမိုလွတ်လာပြီ။

ကျွန်းပင်အသက် (၈၀) ရှိဖို့မလို ၈ နှစ် ၈ လပဲဖြစ်ဖြစ်၊ စံဖြစ်သော လုံးပတ် ၇ ပေ ၆ လက်မ မပြည့်၊ ၇ လက်မအရွယ်ဆိုလည်း ကိစ္စမရှိ၊ တရုတ်တို့ကယူသည်။ ဗမာကျွန်းဆိုပြီးရော။ ခေတ်ကောင်းစဉ်က ပျဉ်းမနားကြိုးဝိုင်းက သစ်လုံး ဧရာဝတီကမ်းပါးသို့ အဆင့်ဆင့်အစစ်ခံပြီးမှ ရောက်ရသည်။ ယခု သစ်လုံးတင် မော်တော်ယာဉ် (၁၀၀) လောက် တရုတ်ပြည်သို့ တံခါးမရှိ နေ့စဉ် သွားနေသည်။

အင်္ဂလိပ်နယ်ချဲ့တို့လို နှစ်( ၁၀၀) (၂၀၀) စီမံကိန်းမလို၊ သစ်တောတွေ ပျောက်သွားလျှင် အစကနေ မြန်မာ့နည်း မြန်မာ့ဟန် နေ့ချင်းပြီး ညတွင်းပြီး ပြန်စိုက်မည်ဟု အဘတို့စီစဉ်နေသလားမသိ၊ စာဖတ်သူတို့ စဉ်းစားကြပါကုန်။ ကမ္ဘာကြိုက် ဗမာ့ကျွန်း သည် နိဂုံးချုပ်သွားပြီးလားဟု တွေးမိကြောင်းပါ။

၂၀၁၉ ခု၊ သြဂုတ်လ (၁၉) ရက်