Breaking News

အေးငြိမ်း ● ကျွန်ုပ်မရေးချင်သော စာတစ်ပုဒ်

အေးငြိမ်း ● ကျွန်ုပ်မရေးချင်သော စာတစ်ပုဒ်
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၉

● အချီး
ဤစာမျိုးကို ကျွနု်ပ်မရေးချင်ပါ။ အဘယ်ကြောင့် မရေးချင်သနည်းဆိုသော် ကျွနု်ပ်ဘာတစ်ခုမှ လုပ်မပေးနိုင်၍ ဖြစ်၏။ ကျွနု်ပ်ကား အဝေးကနေလှမ်းအော်နေသည့် လေသမားသီးသီးမျှသာ ဖြစ်ချေသည်။ သို့သော် မပြောဘဲလည်း မနေနိုင်ပြန်ပါ ချေ။ ကိုရင်သန်းနိုင်ကလည်း ပြောပါအုံးဗျဟု တိုက်တွန်းလာသည့်အခါ ငိုချင်လျက် လက်တို့ဖြစ်နေသည့် ကျွနု်ပ်မှာ ရေးချ လိုက်ရပြန်ပါ၏။

အခြားမဟုတ်ပါ။ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုကိစ္စအပါအဝင် အရေးပေါ်အခြေအနေများပင် ဖြစ်ပါ သည်။

ငရဲပြည်သို့သွားရန် လက်မှတ်ရထားသည့် ဒေဝဒတ်၏ အဆက်အနွယ်အပေါင်းတို့သည် ငါတို့ခိုးလို့ရတုန်း အသားကုန် သမသွားမှဟု အလွန်အင်မတန် အမြော်အမြင်ကြီးလှစွာဖြင့် မိမိကိုယ်တိုင်သာမက ဉာတကာနဉ္စသင်္ဂဟောတရားကို လက်ကိုင်ပြုကာ ဆွေတော်မျိုးတော် အပေါင်းအား ဆွေခုနစ်ဆက်၊ မျိုးခုနှစ်ဆက် စားလို့မကုန်အောင် မြန်မာပြည်၏ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် (မီးထွန်းပွဲတော်ကျင်းပနေသော ဦးစံလင်း၏ နဂါးပြည်မပါ) လေပေါ်လေအောက် သယံဇာတရှိသမျှကို ၎င်းတို့၏ ပထွေး၏ ယောက္ခမက အမွေပေးထားခဲ့သည့်အလား ရှေ့ရေးနောက်ရေးဘာမျှ မတွေးဘဲ (အဲလေ၊ တွေးရလောက် အောင်လည်း အသိပညာက မရှိ။ အသိပညာတစ်ပြားဘိုးမှမရှိသည့်တိုင် သူတို့ကျောင်းတော်ကြီးက သင်ပေးလိုက်တာ အမေရိကန်ပြည်၊ ယေးလ်တက္ကသိုလ်က သင်ပေးတာထက်တောင် ပိုပြည့်စုံသေးသည်ဟု အခြောက်တိုက် ကြွားချင်ကြပေ လေသေး၏။) ပေါ်တင်တစ်မျိုး၊ ခိုး၍တသွယ်၊ သိသိသာသာတမျိုး၊ ရူးချင်ယောင်ဆောင်၍တစ်နည်း ရှိသမျှ တက်ခနော် လော်ဂျီပေါင်းစုံသုံးကာ ယူငင်သွားကြလေကုန်၏။ (အမြင်ကပ်လွန်းမက ကပ်လှ၍ ဝါကျရှည်သွားခြင်းကို ခွင့်လွှတ်တော်မူပါ ဆရာသိပ္ပံမောင်ဝ ခင်ဗျား)

ထိုငရဲသားများ လက်စွမ်းပြသွားမှုကို ယခု ကျွနု်ပ်တို့ တိုင်းသူပြည်သားများ ခါးစည်းကာ ခံနေကြရလေပြီ။ နောက်ကြောင်းပြန် အရေးမယူရဆိုတော့ အဲဒါတွေ ထားလိုက်ပါတော့။ ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီဆိုတော့ ဘာမှလည်း လုပ်လို့မရတော့။
ထားလို့မရသည်မှာကား အစိုးရအရာရှိမင်းများဟု သမုတ်ကြရကုန်သော လူကြီးလူကောင်း အပေါင်းတို့ပင် ဖြစ်၏။

(၁) သတင်းနှင့် ပြန်ကြားရေး
သည်ရေကြီးမှုဆိုသည်မှာ တစ်နှစ်လည်း မဟုတ်။ နှစ်နှစ်လည်းမဟုတ်။ နှစ်တိုင်းကြီးနေတာဖြစ်၏။ နောက်ပြီး သည်နှစ်တော့ ရေကြီးချင်မှ ကြီးမှာပါကွာဟု မသေချာ၊ မရေရာသည့်အရာလည်းမဟုတ်။ မြေကြီးကို လက်ဖဝါ်းနှင့်ပုတ်က လွဲချင်လွဲဦးမည်။
ရေကား ကြီးမည်မုချ ဖြစ်၏။

သည်အချိန်ရောက်လျှင် ဒါဖြစ်မည် သေချာပေါက်သိနေပါလျက် ဘာမှပြင်ဆင်မထားခြင်းလောက် မိုက်မဲသူ ဤလောက၌ ရှိမည် မဟုတ်ချေ။

Safety လောက၌ မတော်တဆဖြစ်ခြင်းနှင့်ပတ်သက်၍ Take the lesson form other people's mistake. ဟူသော စကားသည် ရှိ၏။ ကိုယ်မှားသည်ထိ စောင့်မနေနှင့် သူများအမှားက သင်ခန်းစာယူပါဟု ဆိုလိုသည်။ သူတို့ ဒီလိုလုပ်လို့ သေရတာ။ ငါတို့တော့ အဲသလိုလုပ်လို့ မဖြစ်ဘူးဟု ကြိုတင်ကာကွယ်ကြရန် သတိပေးခြင်း ဖြစ်ပါသည်။ သူများအမှားပေါ်မှ သင်ခန်းစာယူနိုင်မှ ပညာရှိ ပီသမည်။

ကိုယ်မှားပြီဆိုတော့မှ သင်ခန်းစာရခြင်းကား လူမိုက်ဖြစ်၏။ တစ်ခါမှားပြီးတာတောင် သင်ခန်းစာမရ၊ ထိုအမှားကိုပင် ထပ်ခါ ထပ်ခါ ကျူးလွန်နေသူကား လူ့အန္ဓ၊ လူမိုက်၊ လူ့နလဘိန်းဒုံး၊ လူ့ဗလချီးနမ်း ဖြစ်တော့၏။

ဖေ့စ်ဘုတ်တွင် ဖတ်ရသလောက် အစိုးရသတင်းစာကလည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဘာမှ သေသေချာချာ ထုတ်ပြန်ကြေငြာကာ လူထုကို အသိပေးတာမျိုးမရှိဟု သိရပါသည်။ မြန်မာ့အလင်းနှင့် ကြေးမုံကို ကျွန်တော်မဖတ်တာ ကြာပြီဖြစ်၍ ထိုသတင်းမှန်မမှန် ကျွန်ုပ်မသိပါ။ အကယ်၍ ဤအဆိုသာမှန်မည်ဆိုပါက ထိုသတင်းစာနှစ်စောင် တည်ရှိ နေခြင်း၏ အဓိပ္ပါယ်ကား ဘာပါနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။

ယခင်ခေတ်အခါ ကာလများက အစိုးရသတင်းစာများမှာ ပြည်သူလူထုအတွက် ဘာမှအကျိုးမပြု။ ၎င်းတို့၏ ဝါဒဖြန့်ချိရေး အတွက် သက်သက်မျှသာဖြစ်သည်ဟု ကျွနု်ပ်တို့ ဤကဲ့သို့ပင် ယူဆခဲ့ကြ၏။ ပြည်သူလူထုအတွက် အရေးကြီးသော၊ အရေးပါ အရာရောက် သောသတင်းဆို၍ တစ်ခုကမျှ မပါခဲ့။ နာဂစ်ကဲ့သို့ လူပေါင်း သိန်းနှင့်ချီသေမည့် ဘေးကြီးကိုတောင် ဘာမှမဖြစ်ပါဟု ဂျင်းထည့်ခဲ့ ပေလေသေး၏။

ဟေး  ... ပြည်သူ့အစိုးရတက်လာပကွ။ သတင်းစာတောင် အရောင်တွေပြောင်းကုန်ပြီဟု လော်သူများ အသားကုန်လော် သည်ကို ကျွနု်ပ်မှာ မဆင်မခြင်ယုံမိကာ အသားလွတ် အထင်တွေဘာတွေတောင် ကြီးခဲ့မိသေး၏။ လှလှပပ ရွှေလေးဘာလေး ချထားတော့ ဘုရားမှတ်မိပါ၊ ဖွတ်ထက်ကြီးသည့် အင်ဒိုနီးရှား ကိုမိုဒိုနဂါးကြီးထွက်လာတော့မှ အောင်မငီး။ သုံးလို့စားလို့ မရသည့် ဖွတ်တောင်ပို့ကြီးမှန်း သိရတော့၏။ အလွန်ဒူသောကျွနု်ပ် ဖြစ်ပေသကိုး။

အစိုးရသတင်းစာများ၌ ကျွနု်ပ် အော့နှလုံးအနာဆုံးနှင့် အမုန်းဆုံးသတင်းများကို ပြပါဆိုလျှင် . . . .

- နိုင်ငံတော်သမ္မတကြီးက ဘယ်သူ့ကို ဘာနိုင်ငံသံအမတ်ကြီးခန့်အပ်လွှာပေးအပ်ပွဲ ဆိုသည့်သတင်း
- ဘယ်တိုင်းပြည်က ဘာဝန်ကြီးကို ဘယ်နေရာတွင် လက်ခံတွေ့ဆုံသည် ဆိုသည့်သတင်း
- မည်သူတို့ကိုဖြင့် ဘာအောင်ပွဲကြီးအတွက် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်ဆိုသည့်သတင်း
- တိပိဋက ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးများအား ကထိန်သင်္ကန်းကပ်လှူသည့် သတင်း
- ဘယ်လူကြီးက ဘယ်တိုင်းပြည်ကို ဘာလုပ်ရအောင်သွားသည်ကို ဘာအလုပ်မှမရှိသဖြင့် အားလျားနေကြကုန်ထသော ဘာဌာနမှ ဘာအရာရှိကြီးများက လေဆိပ်သို့ တပျော်တပါးကြီး လိုက်ပါပို့ဆောင်ကြသည် ဆိုသည့်သတင်း
- ဘယ်ဌာနမှ ဘာကောင်ကြီးက ဘာလုပ်ရေးလုပ်ငန်းကိုသွားပြီး မယောင်ရာဆီလူးကာ လိုအပ်သည်များကို မှာစားသွားသည် ဆိုသည့်သတင်း

... စသည့် စသည့် သတင်းများပင် ဖြစ်ပါ၏။ ဤသည်မှာ အကုန်မဟုတ်သေး။ အများကြီး ကျန်ပါသေးသည်။

ဘယ်နိုင်ငံက ဘာဝန်ကြီးကို သမ္မတကြီးက လက်ခံတွေ့ဆုံသည် ဆိုသည့်သတင်းကို သိရခြင်းဖြင့် ကျွနု်ပ်တို့၌ အဘယ် အကျိုးထူးပါသနည်း။ ထိုသတင်းကို မသိရခြင်းဖြင့် ကျွနု်ပ်တို့တိုင်းသူပြည်သားများ၌ အဘယ်အကျိုးများ ဘယ်လောက် ဆုတ်ယုတ်သွားပါ သနည်း။ ဤကဲ့သို့လက်ခံတွေ့ဆုံသည်ဆိုပြီး ဓာတ်ပုံကြီးနှင့် အခန့်သားပြမည့်အစား မည်သည်တို့ကို ဆွေးနွေးပြီး မည်သည့် သဘောတူညီချက်များ ရခဲ့သည်၊ မည်သည်တို့ကို လက်မှတ်ရေးထိုးခဲ့သည် စသည်တို့ကိုဖောြ်ပပါက ပို အကျိုးရှိပေမည်။ ယခု ဤဓာတ်ပုံကြီးကို ကျွနု်ပ်တို့က ဘာလုပ်ရပါမည်နည်း။ သတင်းစာပါ ဓာတ်ပုံကို ကပ်ကြေးဖြင့်ညှပ်၊ လက်သမားဆီက မှာထားသော ကျွန်းဖြင့်လုပ်ထားသည့် နှစ်သိန်းတန် မှန်ဘောင်ကြီးထဲထည့်။ ဧည့်ခန်းမှာ ခန့်ခန့်ကြီး ချိတ်ထားရပါမည်လော။ ဤဓာတ်ပုံကြီး ချိတ်ထားခြင်းဖြင့် ကျွနု်ပ်တို့၏ ဧည့်ခန်းကြီး ပိုခန့်ညားကာ ပို ကျက်သရေရှိသွား ပါမည်လော။

အသင်တို့သည် လွန်ခဲ့သော အနှစ် (၃၀) လောက်က သတင်းစာများကိုသာ စုလျက် သုတေသန စာရင်းအင်းပြုစုကြည့်မည် ဆိုပါက ဤကဲ့သို့သော အာပလာသတင်းများမှာ သတင်းအားလုံး၏ ၉၀ ရာခိုင်နှုန်းလောက် ရှိသည်ကို တွေ့ရပါလိမ့်မည်။ ထိုသတင်းစာများ၌ ပြည်သူလူထုနှင့် သက်ဆိုင်သည့် သတင်းဆို၍ အောက်ပါသတင်းများကိုသာ တွေ့ရမည်ဖြစ်၏။

- နာရေးသတင်း (ဤသတင်းကို ဖတ်မိခြင်းဖြင့် အင်း၊ ဟိုကောင်တော့ သွားရှာပြီ။ ငါ့အလှည့်ဘယ်တော့လဲ ဟု သံဝေဂ ယူနိုင်သည်။ ဤမှဆက်ကာ ဝိပဿနာပွားလိုက်ပါက အခန့်သင့်လျှင် နိဗ္ဗာန်တောင် ရောက်ချင်ရောက်နိုင်သေး၏။)
- မင်္ဂလာဆောင်သည့်သတင်း (ဤသတင်းကိုဖတ်ခြင်းဖြင့် ဟိုက်၊ ငါ့သမီးဘို့ ချိန်ထားတဲ့တစ်ကောင်တော့ ပါသွားပါပေါ့ ဟု ဝမ်းနည်းနိုင်သည်။)
- နာမည်ပြောင်းသည့်သတင်း (ဤသတင်းကိုဖတ်ခြင်းဖြင့် ဟယ် - ခင်ကလျာသင်းသင်းသက် က ခင်ဝင့်ဝါစိန်လင်းဖြာထိန် လို့ နာမည်ပြောင်းလိုက်ပဟဲ့ ဟု သိနိုင်လေသည်။)
- ဆေးကြော်ငြာ - ၉၆ ပါးရောဂါများကို နေ့မဆိုင်းဘဲ ပျောက်စေသည့်ဆေး။ မပျောက်လျှင် ပိုက်ဆံပြန်အမ်းမည်။ (မှတ်ချက်။ ။ ပျောက်သည်ဆိုရာတွင် ရောဂါနှင့်အသက် နှစ်ခုရှိသည့်အနက် တစ်ခုမဟုတ်တစ်ခု မုချပျောက်ရမည်ဖြစ်ကြောင်း အာမခံပါသည်။)

သို့အတွက် ကျွနု်ပ်တို့သည် သဘာဝဘေးအန္တရာယ်သတိပေးချက်များအတွက် ကျွနု်ပ်တို့၏ ပိုက်ဆံများကို ဖြုန်းတီးနေသော (ဟုတ်ပေါင်) ထုတ်ဝေနေသော အစိုးရသတင်းစာများကို အားကိုးလို့မရ။ ပုဂ္ဂလိကပိုင်သတင်းစာများကိုသော် လည်းကောင်း၊ ပညာရှိများဖြင့် ဖွဲ့စည်းထားသော ဖေ့စ်ဘုတ်တည်းဟူသော ရောရာသောင်းပြောင်းမီဒယာကြီးကိုသော်လည်းကောင်း အားကိုးရ ပေတော့သတည်း။

(၂) အရေးပေါ်အစီအမံ
အရေးပေါ်ကိစ္စဆိုတာ ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာရသော အလုပ်မဟုတ်။ မဖြစ်ခင်က ကြိုတင်စီမံထားရတာ ဖြစ် သည်။ ထိုကဲ့သို့ ကြိုတင်စီမံနိုင်ရန်မှာလည်း အရေးပေါ်ဖြစ်လာလျှင် ဘယ်လိုလုပ်ရမည်ဆိုတာကို စီမံခန့်ခွဲနိုင်သည့် အသိဉာဏ် ပညာ၊ အစွမ်းအစလည်းရှိဘို့လို၏။

သို့သော် သူတို့မသိတာ မတတ်တာမရှိသော ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင်မူ အရေးပေါ်စီမံခန့်ခွဲမှုပညာဆိုသည်မှာ ပီဘိ ကလေးကစားစရာ ကိစ္စမျှလောက်သာ ရှိလေသည်။ ကျွနု်ပ်တို့၏ လူကြီးများမှာ သည်လိုအသေးအဖွဲကိစ္စကလေးများကို စိတ်မဝင် စားနိုင်အားရှာကြ။ စင်ကာပူကိုကျော်ရေး နေ့မအား၊ ညမနားကြိုးစားနေကြရသဖြင့် အရေးပေါ်ကိစ္စကို ပြည်သူများနှင့် လက်လွှဲ ထားရရှာချေ၏။

အရေးပေါ်အစီအမံအကြောင်း ကျွန်တော် နေရာတော်တော်များများမှာ ရေးခဲ့ပြီးပါပြီ။ သို့ကြောင့် ပျင်းစရာကောင်းလှသည့် ထို အစီအမံကြီးတစ်ခုလုံးကို ပြန်ရေးပြရန် မရည်ရွယ်ပါ။ ဒါက ဒီလိုရှိတယ်ဟု သိသာရုံမျှသာ ရေးမည် ဖြစ်ပါသည်။ အသေးစိတ်သိလို သူများ ကျွနု်ပ်၏ shwenyein blog တွင် ဖတ်နိုင်ကြပါသည်။

အရေးပေါ်အစီအမံကို ရေးဆွဲရာတွင် သုံးဆင့်ပါသည်။

၁။ ကြိုတင်ပြင်ဆင်ခြင်း
၂။ အရေးပေါ်အခြေအနေတွင် ကွင်းဆင်းဆောင်ရွက်ကြခြင်း နှင့်
၃။ အရေးပေါ်ကိစ္စပြီးသွားသည့်အခါ ပြန်လည်ထူထောင်ရေးကိစ္စ ဆောင်ရွက်ကြခြင်း ဖြစ်၏။

ပထမ - ဖြစ်နိုင်သည့်အရေးပေါ်အခြေအနေအားလုံးကို ချရေးရ၏။

 မီးလောင်ခြင်း
 ငလျင်လှုပ်ခြင်း
 ရေကြီးခြင်း
 မြေပြိုုခြင်း
 မုန်တိုင်းတိုက်ခြင်း
 တံတားကျိုးကျခြင်း
 သင်္ဘောမှောက်ခြင်း . . . . စသည်။

ထို့နောက်မှ ထိုအခြေအနေတစ်ခုချင်းစီအတွက် အရေးပေါ်အစီအမံကို ရေးဆွဲရမည်။

ကျွန်တော်ရှာဖွေကြည့်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန website အောက်တွင် "ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင်ရေးဆိုင်ရာသင်တန်း၊ သင်တန်းသားလက်စွဲ" ဟူသည့်စာအုပ်တစ်အုပ် တွေ့ပါသည်။

အခြားစာအုပ်များဟူသည့် ခေါင်းစဉ်အောက်တွင်မူ ရေကြီးခြင်း ဘေးအန္တရာယ်လက်စွဲ၊၊ မီးဘေးအန္တရာယ်လက်စွဲ၊ မုန်တိုင်း ဘေးအန္တရာယ်လက်စွဲ၊ ငလျင်ဘေးအန္တရာယ်လက်စွဲ၊ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုစာအုပ်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးဆိုင်ရာ အခြေခံဝေါဟာရများ စသည့် စာအုပ်များကို ပြုစု ထုတ်ဝေလျက်ရှိပါသည် . . ဟု ဖော်ပြထားပါသည်။

ထုတ်ဝေလျက်ရှိပါသည် ဟူသည့်စကားရပ်ကို ထောက်ထား၍ ထိုစာအုပ်များကို ပြုစုပြီး၊ ထုတ်ဝေပြီး၊ ဈေးကွက်တွင် ရောက်ရှိပြီး ဖြစ်သည်ဟု ယူဆရပါသည်။

အရေးပေါ်စီမံကိန်း -

၁။ ကြိုတင်စီမံခြင်း
 မည်သည့်ဘေးအန္တရာယ်များ မည်သည့်ဒေသတို့တွင် မည်သည့်အချိန်၌ မည်မျှများများ ဖြစ်တတ်သည်၊ မည်မျှလူတွေ သေကြေသည်၊ အဆောက်အအုံများ၊ တိရစ္တာန်များ၊ စိုက်ခင်းများ မည်မျှပျက်စီးကြသည်ကို ယခင်သမိုင်းကြောင်းများအရ ရှာဖွေဖော်ထုတ်ရမည်။
 ထို့နောက် ထိုသဘာဝဘေးဒဏ်ကြောင့် အပျက်အစီးနည်းအောင် မည်သည်တို့ ဆောင်ရွက်ထားသင့်သည်ကို ကြံဆရမည်။
 သဘာဝဘေးဒဏ်ကျရောက်ခဲ့သော် ကယ်ဆယ်ရေးလုပ်ငန်းများကို မည်ကဲ့သို့လုပ်မည်ကို ရေးဆွဲရမည်။
 ထိုကယ်ဆယ်ရေးလုပ်ငန်း၌ ပါဝင်မည့်သူများကို လုပ်မည့်လုပ်ငန်းအစီအစဉ်၊ လုပ်နည်းကိုင်နည်း၊ ရှေးဦးသူနာပြုစုနည်း များကို သင်တန်းပေးထားရမည်။
 ထိုသင်တန်း၌ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်ရင်း မိမိအသက်အန္တရာယ်မဖြစ်အောင်၊ မတော်တဆမှု မဖြစ်အောင်၊ ရောဂါများကူးစက်မခံရလေအောင်၊ မြွေကင်း စသည့် အဆိပ်ရှိသတ္တဝါများ၏ ရန်မှ ရှောင်ရှားနိုင်အောင် စသည့် အန္တရာယ်ကင်းရေးကိုပါ ထည့်သွင်း သင်ကြားရမည်။
 မည်သည့်ရောဂါများ ကျရောက်တတ်သည်၊ မည်သည့်ဒဏ်ရာအနာတရများ ဖြစ်တတ်သည် ဆိုသည့်အပေါ် မူတည်၍ ဆေးဝါးများစုဆောင်းရမည်။
 ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းကိရိယာ၊ စက် စသည်တို့ကို ကြိုတင်စုဆောင်းရမည်။
 လိုအပ်ပါက အစားအစာနှင့် သောက်ရေ၊ ရိက္ခာများပါ တစ်လတန်သည်၊ နှစ်လတန်သည် ကြိုတင်စုဆောင်းရမည်။

၂။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းကို လက်တွေ့ဆောင်ရွက်ခြင်း
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်သားများ စစ်တိုက်သည့်ပုံစံကို အတုယူရမည်။

 အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် Organization Chart ရေးဆွဲရမည်။
 ကြီးကြပ်ကွပ်ကဲသည့်ရုံး ထားရမည်။ ကွပ်ကဲရုံးသည် အရေးပေါ်ဖြစ်ပွားရာဒေသနှင့် အနီးစပ်ဆုံးမြို့တွင် ရှိရမည်။
 ပစ္စည်းလက်ခံရေး၊ ထုတ်ပေးရေးအဖွဲ့ ထားရမည်။ လုပ်ကိုင်မည့်သူများကို logistics အကြောင်း ကောင်းကောင်းသင်ပေးထားရမည်။
 စားရေရိက္ခာ၊ ဆေးဝါးနှင့် လိုအပ်သောပစ္စည်းများ ပံ့ပိုးပေးသည့် တပ်ဖွဲ့ ထားရမည်။ ဆေးဝါးအကြောင်းနားလည်သူများပါလျှင် ပိုကောင်းပါသည်။
 ကြက်ခြေနီတပ်ဖွဲ့များ ဖွဲ့စည်းထားရမည်။ ကြက်ခြေနီသင်တန်းတက်ဖူးပြီးသား သူများသာ ဖြစ်ရမည်။
 သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့ရှိလျှင် ပိုကောင်းသေးသည်။ လော်ရီများ၊ ကားသေးများ၊ အရေးပေါ်ယာဉ်များ၊ မော်တော်ဘုတ်များ လိုမည်။
 ဆက်သွယ်ရေးကိရိယာ ကောင်းကောင်းလိုသည်။ (ဥပမာ - ဝေါ်ကီတော်ကီ) ရှေ့တန်းတပ်ဖွဲ့များနှင့် ကြီးကြပ်ကွပ်ကဲရေးရုံးတို့ မပြတ်ဆက်သွယ်နေရမည်။
 ထို့ပြင် မှတ်တမ်းတင်သည့်အဖွဲ့ ထားနိုင်လျှင် ကောင်းလေသည်။ သို့မှသာ မည်သည့်နေရာများတွင် မည်သည်တို့ကို ဆောင်ရွက် ခဲ့သည်ကို အတိအကျသိနိုင်မည် ဖြစ်၏။ ဓာတ်ပုံ၊ ဗီဒီယို၊ စာရွက်စာတမ်းစသည်တို့ကို စနစ်တကျ ပြုစုနိုင်ရမည်။

၃။ ပြန်လည်ထူထောင်ခြင်း
အပျက်အစီးများကို စာရင်းကောက်ယူရမည်။ (လူ၊ ကျွဲနွားတိရိစ္ဆာန်၊ အိမ်ယာအဆောက်အဦ၊ လယ်ယာကိုင်းကျွန်း စသည်)
 ပထမနှင့် အဓိကလိုအပ်ချက်မှာ အစားအစာ ဖြစ်၏။
 ဒုတိယလိုအပ်ချက်မှာ နေရေးထိုင်ရေးဖြစ်၏။
 တတိယလိုအပ်ချက်မှာ ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး
 စတုတ္ထလိုအပ်ချက်မှာ အဝတ်အထည်နှင့် အခြားလူမှုရေး အထွေထွေလိုအပ်ချက်များ ဖြစ်ပါသည်။

ပြန်လည်ထူထောင်ခြင်းအပိုင်းမှာ ပိုမိုခက်ခဲပြီး လုပ်ငန်းပိုမိုကျယ်ပြန့်သလို ပိုက်ဆံအလိုအပ်ဆုံးလုပ်ငန်းလည်း ဖြစ်ပါသည်။
ဤသည်ကို ဒေသဆိုင်ရာအာဏာပိုင်များ၊ အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းပြီး စနစ်တကျ လုပ်ကြရမည်။
မျိုးစပါးများရရှိရေး၊ ကျွဲနွားများ ပြန်လည်အစားထိုးနိုင်ရေး၊ ပျက်စီးသွားသည့် သီးနှံများ ပြန်လည်စိုက်ပျိုးရေး အိမ်ယာအဆောက်အဦများ၊ ကျောင်းများ ပြန်လည် တည်ဆောက်ပေးရေး
အထူးသဖြင့် သဘာဝဘေးအန္တရာယ်နှင့်အတူ ပါလာသည့် ရောဂါဘယများ ဖြစ်၏။ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အဖျားအနာတို့ များစွာဖြစ်မည်ဟု ကြိုတင်တွက်ဆထားရမည်။
ကျေးရွာများတွင် ယာယီဆေးပေးခန်းများ ဖွင့်လှစ်ထားရမည်။ (လုပ်အားပေးဆရာဝန်နှင့် သူနာပြုများ လိုကောင်းလိုပါလိမ့်မည်။)
လူနားများထားစရာ လုပ်ပေးရန်လိုမည်။ အိမ်သာများလိုမည်။

(၃) အမြော်အမြင်နှင့် စီမံခန့်ခွဲတတ်မှု
တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ အမြော်အမြင်ကြီးလျှင်၊ စီမံခန့်ခွဲတတ်လျှင်၊ တိုင်းပြည်အပေါ် စေတနာထားကြလျှင် ထိုတိုင်းပြည်မှာ သာယာဝပြော၍ တိုင်းသူပြည်သားများ ပျော်ရွှင်စွာ၊ စည်းစိမ်ဥစ္စာများ ကြွယ်ဝလျှက်၊ စိတ်လက်ချမ်းသာစွာ သက်တောင့်သက်သာ နေကြရမည်။

ပြောင်းပြန်အားဖြင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ အမြော်အမြင်နည်းလျှင်၊ မစီမံ မခန့်ခွဲတတ်လျှင်၊ တိုင်းပြည်အပေါ် စေတနာတုံးကြလျှင် တိုင်းပြည်ဆင်းရဲမည်၊ တိုင်းသူပြည်သားများ စိတ်ညစ်ညူးရမည်၊ ဒုက္ခသုက္ခများနှင့် နပန်းလုံးကြရမည်။

အမြော်အမြင်ကြီးမှု၊ စီမံခန့်ခွဲတတ်မှုဆိုသည်မှာ ပညာရှိမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ပညာရှိခြင်း မရှိခြင်းဆိုသည်မှာ ဘာဘွဲ့ကြီးတွေ ဘယ်နှစ်ခုရထားခြင်းနှင့် လားလားမှ မဆိုင်ကြောင်း ဒုံးမဝေးသည့် ကျွနု်ပ်မိတ်ဆွေများ သိပါသည်။

ကျွနု်ပ်တို့ကား လူလွန်မသားတစ်စုတို့ ဖျက်ဆီးခဲ့သော စနစ်အောက်တွင် ကျင်လည်ခဲ့ကြရ၍ ဘာမှ မတတ်နိုင်ကြတော့။
ဤသည်ကို ပြန်လည်ထူထောင်ရန် အချိန်များစွာယူရလိမ့်ဦးမည်။
အထူးသဖြင့် လူအများ၏ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်များဖြစ်၏။ ဤကိစ္စသည် လွယ်ကူလှသည့် ကိစ္စမဟုတ်။

အနာဂတ်ကာလတွင် ကျွနု်ပ်တို့တိုင်းသူပြည်သားများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေကြရရန် ယခုအချိန်မှစကာ ကလေးငယ်များကို ပြုစုပျိးထောင်ဘို့၊ လေ့ကျင့်ပေးဘို့ အထူးအရေးကြီးလှသည်။

စာလည်းအတန် ရှည်သွားပြီမို့ သည်မျှနှင့် နိဂုံးချုပ်ပါတော့မည်။

ဒုက္ခရောက်နေသူများအတွင်း၊ ဈေးတင်ရောင်းခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၅ သြဂုတ်လ၊ ၂၀၁၉