ကိုစိမ်းလန်း (သုံးခွ) ရောင်နီပျို့ချိန်
ကိုစိမ်းလန်း (သုံးခွ) ● ရောင်နီပျို့ချိန်
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၉
ရောင်နီပျို့လာပေမယ့်
တောင်ကုန်းလေးက ငြိမ်ငြိမ်ဆိတ်ဆိတ်
ကျိုးတို့ကျဲတဲသစ်ပင်တွေထက်က
ငှက်တစ်အုပ် ရုတ်ရုတ်သဲသဲ
မြို့ပြဟာ အပူပင်မဲ့ အိပ်မောကျဆဲ။
တမင်ပစ်လိုက်တဲ့ 'ခဲ' လား..
လွင့်စင်လာတဲ့ 'ခဲ' လား..
ဂယက်တွေရေပြင်မှာ ဗြောင်းဆန်လို့
အကြောက်တရားတွေကခန်းလုံးပြည့်။
ချီတက်လာတဲ့ဒေါသတွေ
ဖွံ့ထွားနေတဲ့ လောဘတွေ
ထိပ်တိုက်တွေ့တဲ့အခါ
'မင်္ဂလာပါ' လို့ နှုတ်မဆက်နိုင်ကြတော့
ကြောင်က လက်သည်းကိုအားကိုး
ခွေးက အစွယ်ကိုအားကိုး
သစ်ပင်ထက်က ချိုးငှက်
စိတ်ပျက်လက်ပျက်နဲ့ မကူနိုင်တော့။
ရောင်နီနဲ့တက်ကြွခဲ့ဖူးတဲ့ အရုဏ်ဟာ
ယမ်းငွေ့တွေမှိုင်းမှုန်
ယောက်ယက်ခတ်ခြေလှမ်းများ
အထိတ်တလန့်မျက်ဝန်းများ
အားကိုးရာဟာ မိမိကိုယ်သာလို့
သိချိန်တန်ခဲ့ပြီ။
စိုက်ပျိုးတာပဲဖြစ်ဖြစ်
အလေ့ကျပေါက်တာပဲဖြစ်ဖြစ်
ကွင်းလုံးပြည့်တောထနေတဲ့
စစ်ပင်စစ်ပန်းတွေကြားမှာ
မောင်နှစ်မသွေးချင်းတွေဟာ
နေစရာမရှိ။ ။
ကိုစိမ်းလန်း (သုံးခွ)