Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၆)

ဓာတ်ပုံကို ကိုအေးဝင်း(လမင်းတရာ) အွန်လိုင်းကနေ ရတယ်

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၆)

(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၄၊ ၂၀၁၉

(၁)
ဖေဖော်ဝါရီ (၁၂) ရက်ဟာ မြန်မာနိုင်ငံမှာ “ပြည်ထောင်စုနေ့” ရယ်လို့ သတ်မှတ်ထားတဲ့နေ့ပဲ။ ပြည်ထောင်စုနေ့ဆိုတာ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ကလေးမှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး တိုင်းရင်းသားစုံညီပါဝင်တဲ့ ပြည်ထောင်စုစိတ်ဓာတ် အုတ်မြစ်ချခဲ့တဲ့နေ့ပေါ့။ သမိုင်းဝင် နေ့ထူးနေ့မြတ်တခုလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားစုံညီ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်ဟာ မြန်မာ့လွတ်လပ်ရေးရဲ့ ခိုင်မာတဲ့အုတ်မြစ်ကောင်းတခု မဟုတ်ပါလား။

(၂)
ပြည်ထောင်စုနေ့ရဲ့ အရေးပါအရာရောက်မှုကို အသိအမှတ်ပြုလိုတဲ့သဘောနဲ့ “ညီနောင်အမှု ပြည်ထောင်စု” ဆိုတဲ့ကဗျာတပုဒ်ကို ဒီလိုရေးမိပါတယ်။

“ပြည်ထောင်စုရဲ့ ဗိသုကာ
ဗိုလ်ချုပ်အောင်ဆန်းပါ။
မလိမ်မညာ ဟန်မလုပ်
လှည့်စားလိုတဲ့ စိတ်မဟုတ်။

ကျုပ်တို့တိုင်းပြည် အတူနေ
ခွင့်တူညီမျှစေ။
ကိုယ့်မြေ ကိုယ့်ရေ တာဝန်သိ
ဆွေမျိုးဉာတိ ချစ်ခင်၏။

မိမိဘာသာ လြတ္လပ္စြာ
ဆုံးဖြတ်လုပ်ကိုင်ပါ။
အာဏာသုံးလို့ မခြိမ်းခြောက်
တဦးမျက်နှာ တဦးထောက်။

အကြောက်တရား မလွှမ်းအောင်
အထူးသတိဆောင်
ပြည်ထောင်စုဆိုတာ မိသားစု
အားလုံး ကောင်းကျိုးပြု။
ညီတယ်ဆိုတာ မြတ်ကောင်းမှု
နိုင်ငံအတွက် သာဓု … သာဓု။

တမျိုးသားလုံးညီညွတ်အောင် အမြင်ကျယ်ကျယ်၊ စေတနာပါပါ ညှိနှိုင်းဆောင်ရွက်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များကို နောင်လာနောက်သားတိုင်းက “သာဓု …သာဓု” ခေါ်ပြီး ထာဝစဉ်ဂုဏ်ပြုကြရမှာအမှန်ပါ။
(၃)
ကျွန်တော်တို့ငယ်ငယ်တုန်းက သတင်းစာဆရာ ဦးပုကလေးရေးတဲ့ “ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” ဆိုတဲ့စာအုပ်ကို ဖတ်ခဲ့မိဖူးပါတယ်။ အဲဒီစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် မနားမနေလုပ်ဆောင်ခဲ့တာတွေ မှတ်တမ်းတင်ခဲ့တယ်လို့ မှတ်မိပါတယ်။ ကချင်တိုင်းရင်းသားဝတ်စုံနဲ့၊ ငွေဓားလွယ်နဲ့၊ ကချင်ခေါင်းပေါင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကချင်တိုင်းရင်းသားတွေနဲ့အတူ ရယ်ရယ်မောမော ပြုံးပြံုးရွှင်ရွှင်နေတဲ့ဓာတ်ပုံကို တွေ့ခဲ့မြင်ခဲ့ ပီတိဖြစ်ခဲ့ရဖူးတယ်လို့ စိတ်ထဲကမှတ်မိနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဟန်မဆောင်တတ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးရှင်းရှင်း ပြောတတ်တာတွေကို တိုင်းရင်းသားတွေက အလွန်သဘောကျတယ်လို့လည်း အမှတ်ထင်ထင်ရှိခဲ့ဖူးပါတယ်။

ချင်းတိုင်းရင်းသား ဆလိုင်းလျန်မှုန်းဆာခေါင်း စုစည်းတင်ပြထားတဲ့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဝါဒမှသည် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့” ဆိုတဲ့ စာအုပ်သုံးတွဲထဲမှာလည်း ဝေဖန်သုံးသပ်တဲ့ စာတမ်းတွေနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်ချက် (၇) ချက်ကို ဖတ်ရပါတယ်။ တကယ်တမ်း စိတ်ထဲရှိသမျှ အရင်းခံအတိုင်းပြောဆိုထားတာကို ဖတ်ရတာ အလွန်အသက်ဝင်လှပါ တယ်။

“ကျွန်တော်တို့ဖြစ်ချင်တာကတော့ ဆန်မရှိ စောက်စားကြီးပဲခေါ်ခေါ် (ရယ်သံများ) ကျွန်တော်တို့ဖြစ်ချင်တဲ့ နိုင်ငံကတော့ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော်ဖြစ်ချင်တယ်” (သြဘာသံများ)

“ငါတို့နိုင်ငံတော်ကြီးဟာ ကမ္ဘာကြီးရဲ့အလယ်မှာ လူသတ္တဝါတို့၏ ကောင်းကျိုးချမ်းသာတို့ကို လုပ်ဖို့ရော၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို တည်ထောင်ပြီး အမြဲတမ်းစောင့်ထိန်းမည်ဆိုတဲ့ဟာပဲ။ ဒါကတော့ နိုင်ငံတကာတိုင်း၊ နိုင်ငံတကာတိုင်း ကြီးကြီးကျယ်ကျယ် ပြောတဲ့စကားတွေပဲ။ တကယ်လုပ်သလားဆိုတော့ သိပ်မလုပ်ကြဘူး” (ရယ်မောကြသည်)

“ဒါကတော့ ကျွန်တော်တို့လူများ ကြည့်ကောင်းအောင်၊ ကမ္ဘာကကြည့်ကောင်းအောင် ထည့်ရမယ်။ ဖတ်လိုက်ရလို့ရှိရင် ပါးစပ်ထဲမှာပြည့်သွားအောင် လုပ်ထားတာပဲ။ တောကလူတွေဖတ်ရင်တော့ ဘာမှ နားလည်မှာမဟုတ်ဘူး” (ရယ်မောကြသည်။)

ဗိုလ်ချုပ်အောင်ဆန်းသည် ဟိတ်မထုတ်၊ ဟန်မလုပ်၊ လူထုနဲ့ တရင်းတနှီး လက်ပွန်းတတီး ပြောဆိုလေ့ရှိတယ်။ ဒါပေမယ့် သူယုံကြည်တာကိုတော့ စိုက်လိုက်မတ်တတ် လုပ်လဲလုပ်တယ်၊ ပြောလဲပြောတယ်။

“ကျွန်တော်တို့ကတော့ အင်္ဂလိပ်လက်အောက်မှာလဲ မနေချင်ဘူး။ ဘယ်လူမျိုး၊ ဘယ်နိုင်ငံခြားလူမျိုး လက်အောက်မှာမှမနေချင်ဘူး။ ကျွန်တော် လွတ်လွတ်လပ်လပ်နေချင်တယ်” (သြဘာသံများ)

“အလင်းရောင်ထဲမှာ နေချင်ကြတဲ့လူတွေဟာ ကျွန်တော်တို့အဆိုကို ထောက်ခံပါ။ အလင်းရောင်ကနေပြီး အမှောင်ထဲကို သွားချင်တဲ့လူတွေကတော့ သဘောအတိုင်းပါပဲဆိုတာ သည်အဆိုကိုတင်သွင်းရင်း ကျွန်တော်ပြောခဲ့ပါတယ်” တဲ့။

အခုလို ပြည်ထောင်စုစိတ်ဓာတ်တွေ နိုးကြားနေတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားတွေ ပြန်လည်ကြားယောင်ရတာ အရသာလဲရှိ၊ အကျိုးလဲရှိပါပေ့။ ပြည်ထောင်စုနေ့ပီတိလို့ ဆိုနိုင်ပါရဲ့။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၅၃)၊ ဖေဖော်ဝါရီ ၂၀၀၆