Breaking News

ကျော်ဟုန်း ● စစ်ထွက်မိန့်ခွန်း

ကျော်ဟုန်း ● စစ်ထွက်မိန့်ခွန်း
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၉

တကယ်ပါ ရဲဘော်
စစ်ပွဲတွေက အတုပါ။

ပစ်တာကတော့ ကျည်အစစ်မို့
ရဲဘော်မသေ၊ ကျိုး၊ ကန်း၊ ဒုက္ခိတ
သေသော် အသက်ပျောက်ရတာပေါ့ကွာ။

တကယ်ပါ ရဲဘော်
စစ်ပွဲတွေက အတုပါ။

မင်းတို့ သေချာကြည့်
ဟိုဖက် ဒီဖက် ခေါင်းဆောင်တွေက
မီလျှံနာသူဌေးတွေ ဖြစ်နေကြတဲ့ စစ်။

ကျည်အစစ်ပစ်တဲ့ စစ်ပွဲတုမှာ
ရဲဘော်တို့ဟာ 
သူတို့ရဲ့ အကောင်းဆုံး ကုန်ကြမ်းတွေပေါ့။

စစ်ပွဲတုတွေဟာလည်း
သူတို့ရဲ့ အကောက်ခွန်မဲ့ ဝင်ငွေအဖြောင့်ဆုံး
မဟာစီးပွားရေးကြီးပေါ့။

ရဲဘော် မသေခင်
အဲ့ဒါ လာပြောတာ။

"သတိ... သက်သာ... အေးစေ"
ဒါပဲ။ ။

ကျော်ဟုန်း
၂၀၁၉-၀၈-၁၇