Breaking News

မြတ်စံ - "နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" (၃)

၂၀၀၅ ခုနှစ်ဘဒီဇင်ဘာလကုန် ဒုတိယအကြိမ် တောင်ငူထောင်မှ နေအိမ်သို့ပြန်ရောက်တဲ့ညက အဖေ အမေ အကိုအကြီးဆုံးမိသားစု။ညီဖြစ်သူ စိုးနိုင် မိသားစု အဖေ့မြေးများနဲ့အတူရှိနေခဲ့ချိန်…


မြတ်စံ - "နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း" (၃)

(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၉

တောင်ငူဘူတာမှ ရထားပြန်ထွက်ပြီး ရန်ကုန်ကိုဦးတည်သွားနေတဲ့ မန္တလေး-ရန်ကုန် ရထားကြီးကဆက်လက်ထွက်ခွာနေသလို ကျနော်ရဲ့စိတ်အလျှဉ်ဟာလည်း ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့…

၁၉၈၉ မတ်လ(၁၃)ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ် RIT မြက်ခင်းပြင်မှာပြုလုပ်တဲ့ ကိုဖုန်းမော်ကျဆုံခြင်းတနှစ်ပြည့်အခမ်းအနားကို နဝတ စစ်အုပ်ချုပ်ရေးကာလအချိန်မှာ ကျောင်းသားလူငယ်များစုစည်းညီညွတ်စွာနဲ့ကျင်းပပြုလုပ်နိုင်ခဲ့။

ဒီအခမ်းအနားကို နောင်နှစ်ရှည်ကာလကြာလာတဲ့အချိန်မှာ နောင်မျိုးဆက်ကျောင်းသားလူငယ်များဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုစတင်ခဲ့ရာပြယုဒ်အဖြစ် အထိမ်းအမှတ်အခမ်းအနားများဆက်လက်ကျင်းပတဲ့အခါ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုအကြောင်းပြုပြီးလုပ်တဲ့အခမ်းအနားမျိုးထက် ဒီမိုကရေစီဖြစ်စဉ်ကြီးဖြစ်ပေါ်လာဖို့ အကြောင်းပြုခဲ့တဲ့နေ့ရက်ဆိုတာကို သတိချပ်သင့်ကြောင်း။အထူးသဖြင့်အာဏာရှင်အစိုးရလက်ထက်မှာ ပြည်သူပြည်သားအားလုံးရဲ့ လူ့အခွင့်အရေး ဆုံးရှုံးဆိတ်သုန်းခဲ့မှုကို စတင်ဖော်ပြခဲ့တဲ့နေ့တနေ့အဖြစ် အလေးအနက်ထား သတ်မှတ်စေသင့်ကြောင်း။ တနှစ်ပြည့်ဖုန်းမော်နေ့အခမ်းအနားဖြစ်မြောက်ရေးဦးဆောင်ကော်မတီ အစည်းအဝေးမှာ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ အန်တီစု( ဒေါ်အောင်ဆန်းစုကြည် )မှ သဘောထားပေးခဲ့။

"မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ "သတ်မှတ်ဖို့ အန်တီစု မှအဆိုပြုခဲ့။ ဒါကြောင့် " မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ " အဖြစ်သတ်မှတ်ကြောင်း ကျနော်တို့ဦးဆောင်ကော်မတီမှဆုံးဖြတ်အတည်ပြုခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှ တပတ်တိတိ နိုင်ငံရေးအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း တတိုင်းပြည်လုံးကို ကြေညာအသိပေးခဲ့။

တကယ်တမ်းလည်း ပထမဆုံးအကြိမ် ဝမ်းနည်းခြင်း နှစ်ပတ်လည်အခမ်းအနားကို တနိုင်ငံလုံးအတိုင်းအတာမဟုတ်တောင် ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ NLD မြို့နယ်ရုံးတွေနဲ့ လူဘောင်သစ်ဒီမိုကရက်တစ်(DPNS)ရုံးတွေမှာ နိုင်ငံရေးအခမ်းအနားများ။ဟောပြောဆွေးနွေးပွဲများပြုလုပ်ခဲ့။ အဓိကကတော့ မတရားဖိနှိပ်ထားတဲ့ အမိန်အာဏာတွေကိုဆန့်ကျင်နေပြခြင်းဖြစ်တယ်။ တဖက်ကလည်း ဒီလိုစုရုံးနေကြခြင်းကို နဝတထုတ်ပြန်ချက်အမှတ် ၂/၈၈ ကြေညာချက်နဲ့ငြိစွန်းနေကြောင်း လော်စပီကာနဲ့ကြေညာပြီး စစ်တပ်အင်အားအလုံးအရင်းနဲ့စောင့်ကြည်နေ…

၁၉၈၉ မတ်လ(၂၀)ရက်နေ့မှာ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမှာရှိတဲ့ ကျောင်းသားအရေးတော်ပုံပါတီရုံးကို အစည်းအဝေးတစ်ခုရှိလို့ အန်တီစုခြံထဲကနေ မနက်ပိုင်းထွက်ခဲ့တယ်။ ကျောင်းသားအရေးတော်ပုံပါတီဒုဥက္ကဌ- ကိုဌေးအောင်( ယခင်- မကဒ) တို့နဲ့အစည်းအဝေးပြီးလို့ ၅၄/ ၅၆ တက္ကသိုလ်ရိပ်သာလမ်းကိုပြန်ဖို့ တက္ကသိုလ်ဓမ္မာရုံရှေ့မှတ်တိုင်ကနေ ကားစီးဖို့စောင်နေချိန် ခပ်လှမ်းလှမ်းကနေ ဓမ္မာရုံထဲကိုမောင်းဝင်လာတဲ့ စစ်ကား Patrol ဂျစ်လေးဝင်သွားပြီးတအောင့်အကြာမှာ လက်နက်အပြည့်အစုံနဲ့စစ်သားများထွက်လာပြီး ဟိုင်းလတ်လိုင်းကားလေးပေါ်ရောက်နေတဲ့ကျနော့်ကို ဓမ္မာရုံထဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်။

ဓမ္မာရုံအပေါ်ထပ်ရုံးခန်းထဲရောက်မှ တပ်မတော်ထောက်လှမ်းရေး-၇ မှ ဗိုလ်မှုးလှသန်းဦးဆောင်တဲ့အဖွဲ့က ကျနော့်ကိုဆွေးနွေးမေးမြန်းစရာရှိလို့ ခဏထိန်းသိမ်းထားလိုက်ကြောင်း အသိပေးပြီး စစ်ကြောမေးမြန်းမယ့်တနေရာကို ခေါ်ဆောင်ဖို့ပြင်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် အဓိပတိလမ်းမဝင်ပေါက်ကို မတ်လ(၁၆)ရက်နေ့( တံတားနီအခမ်းအနားနေ့အပြီး)နောက်ပိုင်း ကျောင်းထဲဝင်ခွင့်မပေးတော့ပဲ ပိတ်ဆို့ထားလို့ ကျောင်းသားအချို့ဆန္ဒပြနေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတယ်။ အဲ့ဒီဆန္ဒပြနေတဲ့ကျောင်းသား/သူအုပ်စုကိုလည်း ဓမ္မာရုံထဲမှာ လုံခြုံရေးယူထားတဲ့စစ်တပ်ကထွက်ဖမ်းလိုက်ကြတယ်။ ဖြစ်ခြင်တော့ အဲ့ဒီအဖမ်းခံရတဲ့ကျောင်းသား/သူ ဆယ်ယောက်အထဲမှာ ကျနော့်ရဲ့ သုံးရောင်ခြယ်အဖွဲ့ထဲကသုံးယောက်ပါနေတယ်။

နောက်ဆုံး လှည်းတန်းမီးပွိုင့်နားက ကမာရွတ်ရဲစခန်းမှာ ခဏထိန်းထားပြီး အင်းစိန်ထောင်ကိုပို့ဖို့လုပ်နေချိန်မှာ သတင်း ချက်ချင်းပြန့်နှံသွားတာကို လုပ်ဖော်ကိုင်ဖက်များ ကြားသိသွားကြပြီး မြို့နယ်တွေမှာ နှစ်ပတ်လည်အခမ်းအနားတွေလုပ်နေကြတဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကိုပေါ်(မင်းကိုနိုင်)ကိုမင်းဇေယျ။ ကိုကိုကြီး။ ကိုအောင်ဒင်။ မိုးသီးဇွန်။ဇော်မင်း။ ကိုစိုးသိန်း အစရှိတဲ့သူတွေဦးဆောင်ကာ ကမာရွတ်ရဲစခန်းကိုလူအုပ်နဲ့ဝိုင်းထားလိုက်ပြီး ထိုင်သပိတ်ဆန္ဒပြနေကြတယ်။" ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး "ကိုကြွေးကြော်ပြီး တောင်းဆိုနေကြတယ်။ ညနေစောင်းအချိန် ၅နာရီခွဲ ၆နာရီလောက်မှာ အားလုံးကိုအချုပ်ကားပေါ်တင်ပြီး ရှေ့နောက်စစ်ကားများ။ ဘရင်းကယ်ရီယာများခြံရံပြီး ကမာရွတ်ရဲစခန်းကနေ အင်းစိန်ထောင်ကို အတင်းမောင်ထွက်ပြီးခေါ်ဆောင်ခံရကာ ထောင်ရောက်ပြီး ပုဒ်မ ၁၀/က( နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများအားကာကွယ်စောင့်ရှောက်သည့်ဥပဒေပုဒ်မ)ဖြင့် လေးလထိန်းသိမ်းထားခံလိုက်ရတယ်…။ 

ကျနော့်ကို စတင်ထိန်းသိမ်းစဉ်တုန်းက တနှစ်ပြည့်အခမ်းအနားရဲ့ဖြစ်မြောက်ရေးနဲ့ ပြန်ကြားရေးဆပ်ကော်မတီတာဝန်ရှိသူတစ်ဦးဖြစ်လို့ဆိုပြီးထိန်းသိမ်းလိုက်တယ်…( နောက်ရက်များမကြာမှီမှာ ကိုပေါ်(မင်းကိုနိုင်)။ကိုကိုကြီး။ကိုမင်းဇေယျ။ကိုအောင်ဒင် စသဖြင့် နဝတ စစ်အစိုးရဲ့ လူဖမ်းပွဲ လူသိမ်းပွဲကြီးစတင်ကာ အားလုံးကိုဖမ်းဆီလိုက်ကြတယ်။)
ရေကြည်အိုင်စစ်ကြောရေးစခန်းအပြီး အင်းစိန်ထောင် သီးသန့်အထူးတိုက်ခန်းမှာချုပ်နှောင်ခံထားရချိန်မှာ ပုဒ်မ ၁၀/က ဖြစ်တဲ့အတွက် အခြားအချုပ်သားများလို တရားရုံးလည်းမထွက်ရ။ အချုပ်ဧည့်တွေ့( မိသားစု ဧည်တွေ့ထောင်ဝင်စာ )လည်းမရပဲ တပတ်တခါ အကျဉ်းထောင် ပါဆယ်လက်ခံဌာနက မိသားစုထံမှပေးပို့လိုက်တဲ့စားသောက်စရာများကိုသာရခဲ့တယ်။ 

စားသောက်စရာ ပါဆယ်ထုပ်မှာပါလာတဲ့အမျိုးအမည်စာရင်းကိုတိုက်ဆိုင်စစ်ဆေးတဲ့အခါ အဖေ့လက်ရေးလေးနဲ့ ရေးထားတဲ့ပစ္စည်းစာရင်းလေးကိုကြည့်ပြီး စိတ်ထဲကနေပြုံးမိလိုက်သေးတယ်။ ပြီးမှ အကျဉ်းထောင် ပါဆယ်လက်ခံဌာနရဲ့စာရွက်နဲ့ အဖေရေးပေးလိုက်တဲ့စာရွက်အပေါ် လက်ခံရှိကြောင်းလက်မှတ်ထိုးပေးလိုက်တယ်။ အမေ့ရဲ့ ဟင်းလက်ရာလေးကိုလည်းစားမိတဲ့အချိန်မှာ အဖေ အမေတို့နေကောင်းကျန်းမာလျှက်ရှိနေကြောင်း သင်္ကေတတခုဖြစ်တယ်( နောင် ကျနော်ပြန်လွတ်လာချိန်မှာ အဖေဟာ အဲ့ဒီစာရင်းစာရွက်လေးတွေကိုသိမ်းထားတာကိုထုတ်ပြတယ်။သဘောကတော့ သူ့သားဖြစ်သူ အသက်မသေသေးပဲရှိနေသေးတာကို မှတ်မှတ်ရရ တယုတယသိမ်းထားပေးတာတဲ့)…
ပုဒ်မ ၁၀/က နဲ့ထိန်းသိမ်းထားတဲ့အချိန်ကာလ လေးလအတွင်း… နေ့စဉ်အချိန်တွေဟာ ၂၄ နာရီတရက်လုံးလုံးကို ရေချိုး/မိလ္လာချတဲ့အချိန် ၁၅ မိနစ်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ရှစ်ပေ ဆယ်ပေ အခန်းကျဉ်းထဲ ကုန်ဆုံးရတာများတော့ အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လိုက် ပလက်လှဲနေလိုက်နဲ့ အေးအေးလူလူ ပြန်စဉ်းစားစရာတွေများခဲ့တာပေါ့…ကျနော့်အတွက်စိတ်ပူ စိုးရိမ်နေကြမယ့် အဖေအမေမိသားစုညီအကိုမောင်နှမအကြောင်းတွေတွေးမိသလို ကျနော့်အပေါ် အခုအချိန်ထိ လေးစားနားလည်မှုရှိတဲ့အဖေ့ကိုကျေးဇူးတင်နေမိတယ်။ 

၁၉၈၇ ခုနှစ် မဆလအစိုးရမှ တရားမဝင် ငွေစက္ကူဖျက်သိမ်းခဲ့ချိန် တက္ကသိုလ်ကျောင်းတွင်းဆန္ဒပြရာမှာပါဝင်ခဲ့လို့ ရာသက်ပန်ကျောင်းထုတ်ခံရချိန်တုန်းက အဖေကကျနော့်ကိုအားပေးရှာတယ်။အာဏာရှင်အစိုးရတွေလက်ထက်မှာ ဒါမျိုးကိစ္စတွေကဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာကို သဘောပေါက်နားလည်းပေးတယ်။နောက်ပိုင်း သက်ညှာသောအားဖြင့် ကျောင်းပြန်တက်ခွင့်ပြန်လည်လက်ခံခဲ့ပြီးကျောင်းတက်နေစဉ် ၁၉၈၈ မတ်လအရေးအခင်းကနေ စတင်ပြီး ဇွန်။ ဇူလိုင်။ သြဂုတ် ရှစ်လေးလုံးအရေးတော်ပုံအထိ တောက်လျှောက်ပါဝင်လှုပ်ရှားနေချိန်မှာ ကျနော်ဟာအိမ်မပြန်တော့ပဲ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများနဲ့ အဆင်ပြေသလိုနေခဲ့တယ်။ကြားထဲမှာ အခြေအနေပေးရင်ပေးသလို သူငယ်ချင်းလူကြုံနဲ့ အဖေ့ဆီအဆက်အသွယ်လုပ်ပြီး အဖေ့ဆီက အတိုဆုံးရေးလိုက်တဲ့ စာလေးတွေဖတ်ရတယ်။

ဒီအခြေအနေတွေဖြစ်လာမယ်ဆိုတာ အဖေ့ရဲ့အတွေ့အကြုံအရသိထားခဲ့ပြီးသားလေ။အဖေ့အကိုကြီးဖြစ်သူ ဦးတင်ရွှေ(သခင်တင်ရွှေ)ဟာ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ယောက်ဖြစ်ပြီး လွတ်လပ်ရေးအတွက်တော်လှန်ရေးထဲမှာပါဝင်ခဲ့သူဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးကာလမှာ ဖက်ဆစ်ဂျပန်ကင်ပေတိုင်စခန်းမှာနှိပ်စက်ခံရပြီး ကျဆုံးခဲ့ရတဲ့သူတစ်ဦးဖြစ်ခဲ့တဲ့အတွေ့အကြံုကို အဖေငယ်စဉ်ကတည်းကကြံုခဲ့ဖူးတယ်။အဖေကိုယ်တိုင်လည်း သတင်းစာဆရာ/စာရေးဆရာဘဝနဲ့ကျင်လည်လှုပ်ရှားဆောင်ရွက်ခဲ့ရတဲ့အတွက် ခေတ်ကာလနိုင်ငံရေးအခြေအနေကိုသဘောပေါက်နားလည်နေသူတစ်ယောက်ဖြစ်သလို အဖေ့ရဲ့စာပေမိတ်ဆွေတွေထဲမှာဒါမျိုးဖြစ်ရပ်တွေဟာ ရှိခဲ့ဖူး ကြံုခဲ့ဖူးတယ်။ဒါတွေဟာ အာဏာရှင်ခေတ်ကာလမှာကြံုတွေနေရမယ်ဆိုတာ နားလည်နေတယ်။
၁၉၈၉ ဇူလိုင် ၂၀ ရက်မှာ အန်တီစု(ဒေါ်အောင်ဆန်းစုကြည်)ကို ပုဒ်မ ၁၀/ ခ နဲ့ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းပြီးချိန်လောက်မှာ ကျနော့်ကို ၁၉၅၀ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅/ည နဲ့ အထူးတရားရုံးမှာ စွဲဆိုလိုက်တဲ့အတွက် အင်းစိန်ထောင်ဗူးဝရှေ့အထူးတရားရုံးကိုစတင်ထုတ်ခဲ့တယ်။ တရားရုံးထုတ်စဉ် အချုပ်ကားပေါ်မှ ဆင်းလာတဲ့ကျနော့်ကို အဖေနဲ့အမေဟာ အပြေးကလေးဖက်ထားပြီးတရားရုံးမှာအမှုစစ်ဆေးပြီးနားချိန်မှာ အစားအသောက်များကျွေးချိန် အဖေကကျနော့်ကိုကျန်းမာရေးအထူးဂရုစိုက်ဖို့နဲ့ လက်ရှိအခြေအနေကိုနားလည်သဘောပေါက်ဖို့အားပေးတယ်။ ဒီ လိုနဲ့ နောက်ထပ်နှစ်လကြာတဲ့အခါ အထူးတရားရုံးကနေ ပုဒ်မ ၅/ည နဲ့ ထောင်ဒဏ် တနှစ်ခြောက်လအမိန်ချမှတ်ခံခဲ့ရတယ်။ ထောင်ကျနေစဉ်ကာလအတွင်း ၁၄ ရက်တကြိမ် ပုံမှန်ထောင်ဝင်စာ( မိသားစုဧည်တွေ့)ကို မပျက်မကွက်လာတွေ့ပြီး ပြင်ပသတင်းအခြေအနေတွေကိုလည်း အဖေကပြောပြပေးတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေက ဟန့်တားရင် ဒါဟာ သူတို့ရဲ့သိခွင့်ဖြစ်ပါတယ်လို့ အဖေကပြန်ပြောသေးတယ်။၁၄ ရက်တကြိမ် ထောင်ဝင်စာတွေ့ရတာ အဖေအမေတို့အတွက် ပင်ပန်းမှာဖြစ်လို့ တလတကြိမ်ပဲလာတွေ့ဖို့ပြောပေမဲ့ အဖေက လက်မခံခဲ့…၁၉၉၀ ခုနှစ် မေလနောက်ပိုင်း ရွေးကောက်ပွဲအလွန်ကာလမှာ နိုင်ငံရေးအခြေအနေတွေကလည်း တမျိုးတဖုံပြောင်းလဲနေသလို ကျနော်ကိုယ်တိုင်လည်း သာမာန်လွတ်ရက်စေ့ပြီး လွတ်တဲ့အချိန်ကာလဖြစ်တဲ့ ၁၉၉၀ ဇူလိုင်လကိုရောက်ခဲ့ချိန်…။

သားအလတ်ဖြစ်သူ အိမ်အပြန်အလာကို စောင့်ကြိုနေမယ့် အဖေအမေ ညီအကိုမောင်နှမိသားစုတို့ဟာ ကျနော့်ကိုတွေ့တဲ့အချိန်ဖြစ်သွားမယ် စိတ်ခံစားမှုကိုတွေးကြည့်နေမိတယ်…ဒါပေမဲ့…ကျနော်မျှော်လင့်မထားတဲ့ ဖြစ်ရပ်တခုက ကျနော်တို့မိသားစုအပေါ်ကို ကျနော်မလွတ်ခင်တရက်အလိုမှာဖြစ်သွားခဲ့တယ်…
( ဆက်လက်ဖော်ပြပါမည်)
အစဉ်အမြဲ လွမ်းဆွတ်ခြင်းများဖြင့်
မြတ်စံ
15/11/2019 (3:00 am)