ဦးသိန်းစိန် ဆွစ်ဇာလန်မှာ ဖက်ဒရယ်စနစ်လေ့လာ

U Thein Sein in Switzerland

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆွစ်ဇာလန် သမ္မတက ကြိုဆို

ဥရောပနိုင်ငံတွေကို ခရီးလှည့်လည်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဂျာမနီနိုင်ငံက တဆင့် ဆွစ်ဇာလန်ကို ရောက်လာခဲ့ပါတယ်။

ဆွစ်ဇာလန်မှာ နေထိုင်စဉ် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို လေ့လာမှာဖြစ်ပြီး စိုက်မျိုးရေး၊ မွေးမြူရေး ကဏ္ဍတွေကိုလည်း လေ့လာသွားမယ်လို့ သိရပါတယ်။

နောက်တခါ ဆွစ်ဇာလန်နိုင်ငံရဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ပုံ နိုင်ငံရေးစနစ်တွေကိုလည်း လေ့လာသွားမယ်လို့ အတူလိုက်ပါသွားတဲ့ ပြန်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ တာဝန်ရှိသူတွေက ဖက်ဒရယ်စနစ်အကြောင်း ရှင်းပြတဲ့နေရာမှာ မှတ်သားစရာတွေ ပါခဲ့တယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရာမှာ အချိန်ယူပြီး အခက်အခဲတွေကို အများကြီးကျော်ဖြတ်ပြီး တည်ဆောက်ခဲ့ရတဲ့အကြောင်း၊ ဖက်ဒရယ် ဆိုရာမှာလည်း ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်ပြီး၊ ကွန်ဖရက်ဒေးရှင်းလို့ခေါ်တဲ့ ကိုယ့်ဟာကိုယ် သီးခြားနေတဲ့ ပုံစံမျိုး မဟုတ်ကြောင်း၊ ဖက်ဒရယ်စနစ်တွေမှာ နိုင်ငံအားလုံးပုံစံတူ လုပ်ကြတာမဟုတ်ပဲ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုတွေ ပါဝင်ပြီး ကိုယ့်နိုင်ငံ အခြေအနေနဲ့ ကိုက်ညီအောင် ပြုလုပ် ကျင့်သုံးကြတာ ဖြစ်တာကို ဆွေးနွေးခဲ့ ကြတယ်လို့ သူက ပြောပါတယ်။

သမ္မတနဲ့ အဖွဲ့ဟာ ဆွစ်ဇာလန်ကို မရောက်လာခင် ဂျာမနီနိုင်ငံကိုလည်း ဝင်ရောက်ခဲ့ပါတယ်။ ဂျာမန်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါ ဝန်ကြီးချုပ် မာကဲလ်က မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လေးစားပေးဖို့နဲ့၊ ၂၀၁၅ ရွေးကောက်ပွဲတွေကို လွတ်လပ် မျှတအောင် ကျင်းပပေးရင် ဂျာမနီက အကူအညီတွေ တိုးပေး သွားမယ်လို့ ပြောခဲ့ပါတယ်။

ဦးရဲထွဋ်ကတော့ ဒီလိုပြောတာဟာ ၂၀၁၅ မတိုင်ခင် အကူအညီတွေ မပေးပဲနေမယ်လို့ ဆိုလိုတာ မဟုတ်ပဲ ဒီ အချက်တွေကို ဆက်လုပ်သွားရင် ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာမယ်လို့ ဆိုလိုတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒီအချက်တွေ ပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကိုင်နေပြီး ဖြစ်တယ်လို့ ပြောသွားပါတယ်။