ကော့တောင်လူသတ်မှု ကွဲလွဲချက်တွေတွေ့

ကော့တောင်လူသတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာ အလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကော့တောင်လူသတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာ အလုပ်သမားတွေ

ထိုင်းနိုင်ငံကော့တောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဉီးကို သတ်ဖြတ်မှု အဓမ္မ ပြုကျင့်မှု စွဲချက်တွေနဲ့ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ၂ ဦးကို အခုအခါ ကော့တောင်ကျွန်းကနေ တရားရုံးတွေ အချုပ်ထောင်တွေရှိတဲ့ ကိုစမွီးကျွန်းကို ပို့လိုက်ပြီလို့ သိရပါတယ်။

ထိုင်းနဲ့ မြန်မာ အွန်လိုင်း လူမှုရေး ဝက်ဆိုဒ်တွေနဲ့ မီဒီယာတချို့မှာတော့ မြန်မာတွေ က သတ်ဖြတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ သံသယတွေနဲ့ ရေးသားနေကြတာတွေ တွေ့နေရပါတယ်။

အခု ကိုစမွီးကိုရောက်နေတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေရေးရာ အကြံပေးနေတဲ့ မြန်မာနိုင်ငံသားများအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန်းက သူတို့အနေနဲ့ စွပ်စွဲခံနေရသူတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

သူတို့အနေနဲ့ အခင်းဖြစ်ပွားရာနေရာတွေကို သွားရောက်လေ့လာတာတွေ ၊ အမှုနဲ့ သက်ဆိုင်သူတွေကို တွေ့ဆုံမေးမြန်းပြီး အမှုသွားအမှုလာတွေကို ဆန်းစစ်နေတယ်လို့ ပြောပါတယ်။

ဒီလို လေ့လာရာမှာ ထိုင်းအာဏာပိုင်တွေ ဖေါ်ပြတဲ့ အချက်တွေနဲ့ သူတို့ တွေ့ရှိချက်တွေမှာ တချို့ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူ အမျိုးသမီးရဲ့ ဖုန်းကို မြန်မာတွေ နေတဲ့ အခန်းမှာ ရှာတွေ့ခဲ့တယ်လို့ ရဲက ပြောပေမယ့် ကာယကံရှင်တွေရဲ့ မျက်မှောက်မှာ ဝင်ရောက် ရှာဖွေခဲ့တာ မဟုတ်ကြောင်းနဲ့ အဲဒီဖုန်းဟာ အသတ်ခံရသူ မိန်းကလေးရဲ့သူငယ်ချင်းက အခင်းဖြစ်ပြီး နောက်တနေ့မှာ ရဲစခန်းကို လာအပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိထားကြောင်း အဲဒီရှေ့နေက ပြောပါတယ်။

နောက်ပြီး လူသတ်မှု ဖြစ်ပြီးတဲ့နောက် မြန်မာအလုပ်သမား ၃၀ ရဲ့ ဒီအမ်န်အေ စစ်ဆေးခဲ့ရာမှာ အခု စွပ်စွဲခံရသူ မြန်မာ အလုပ်သမားတွေလည်း စစ်ဆေးခံခဲ့ရပြီး၊ အဲဒီအချိန်က ဒီအမ်န်အေ မတူလို့ ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခု ၁၈ ရက်လောက်ကြာမှ သူတို့ကို ပြန်လည်ဖမ်းဆီးခဲ့တာလို့ ရှေ့နေ ဦးအောင်မျိုးသန်းက ပြောပါတယ်။

စွပ်စွဲခံထားရသူ မြန်မာတွေကို ရဲက ရိုက်နှက်ညှင်းပန်းပြီး စစ်ဆေးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိခဲ့ပြီး သူတို့ရတဲ့ အထောက်အထားတွေကို မြန်မာသံရုံးကို ပေးပို့ထားတယ်လို့ သူက ပြောပါတယ်။

တရားခံ ၃ ယောက်ကတော့ ဇော်လင်း၊ မောင်မောင် ခေါ် မောင်မောင်ဦးနဲ့ ဝင်းကျော်ထွန်းခေါ် ဝေဖြိုးတို့ ဖြစ်ပြီး သောကြာနေ့က သရုပ်ပြရာမှာ ရဲတွေက ဇော်လင်းနဲ့ ဝင်းကျော်ထွန်းတို့ ၂ ယောက်ကို ထုတ်ပြခဲ့ပြီး မောင်မောင်ကိုတော့ ထုတ်ပြခဲ့ခြင်းမရှိကြောင်း၊ ဒီလို ထုတ်မပြတာဟာ သူတို့ ရရှိတဲ့ သတင်းတွေအရ နှိပ်စက် စစ်ဆေးရာမှာ လူမြင်ကွင်းကို ထွက်လို့မရတဲ့ ဒဏ်ရာတွေကြောင့်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ လာမယ် တင်္နလာ ၊ အင်္ဂါနေ့လောက်မှာ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ၂ ယောက်နဲ့ တွေ့နိုင်လိမ့်မယ်လို့ ယူဆကြောင်း၊ ဥပဒေရေးရာ အကြံပေး၊ မြန်မာနိုင်ငံသားများအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန်း က ပြောခဲ့ပါတယ်။

ဒီလို ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ထိုင်းရဲချုပ် ဆုံယွတ် ကွန်ဖန့်မွန် Somyot Pumpanmuang ကတော့ ထိုင်းရဲတွေအနေနဲ့ ဥပဒေနဲ့ အညီအားလုံးဆောင်ရွက်ခဲ့ တယ်၊ သံသယရှိသူ တတိယတ ဦးကတော့ အပစ်ရှိသူမဟုတ်ဘူး။ သူဘယ်နေရာမှာရှိသလဲဆိုတာကို မပြောနိုင်ဘူးလို့ ထိုင်းရဲချုပ်က ပြောခဲ့ပါတယ်။