ရုရှား စစ်ရေးဗျူဟာ အခိုင်အမာ ပြင်ဆင်မယ်

ယူကရိန်း အကျပ်အတည်းကြောင့် နေတိုးနဲ့ ရုရှား ပိုမို တင်းမာလာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်း အကျပ်အတည်းကြောင့် နေတိုးနဲ့ ရုရှား ပိုမို တင်းမာလာ

ယူကရိန်း အကျပ်အတည်း ပြဿနာကို တန်ပြန် ဆောင်ရွက်နိုင်မယ့် တပ်ဖွဲ့ တစ်ဖွဲ့ကို အရှေ့ ဥရောပမှာ ထူထောင်မယ်လို့ NATO အဖွဲ့က ကြေညာခဲ့ပြီးနောက် ရုရှား အစိုးရကလည်း သူတို့ရဲ့ စစ်ရေး ဗျူဟာကို ပိုမို ခိုင်မာအောင် ပြင်ဆင် ဆောင်ရွက်သွားလို့ ပြောလိုက်ပါတယ်။

နေတိုး အဖွဲ့ရဲ့ အစီအစဉ်ဟာ စစ်ရေး အန္တရာယ်တစ်ရပ် ဖြစ်တယ်လို့ ကရင်မလင် နန်းတော် အကြီးတန်း အရာရှိ Mikhail Popov က ပြောပါတယ်။

ဒါ့အပြင် နေတိုး မဟာမိတ်တွေကိုလည်း ရုရှားနဲ့ တင်းမာမှုတွေ ပိုဆိုးလာအောင် ဖန်တီးတယ်လို့ သူက စွပ်စွဲပါတယ်။

နေတိုး အဖွဲ့ကတော့ ခြိမ်းခြောက်မှု ပိုများတဲ့ ဒေသမှာ ကာကွယ်ရေး စွမ်းရည် တိုးမြှင့် ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

နေတိုး မဟာမိတ်တွေနဲ့ ရုရှား တို့အကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာတဲ့ နောက်ထပ် လက္ခဏာ တစ်ခု အနေနဲ့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲသစ်က မော်စကိုဟာ အီးယူအတွက် မဟာဗျူဟာ မိတ်ဖက် မဟုတ်တော့ကြောင်း ပြောလိုက်ပြီး၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးကလည်း အနောက်အုပ်စု နိုင်ငံတွေဟာ သူ့အဆို ယူကရိန်း စစ်လိုလားသူတွေကို ထောက်ခံနေတယ်လို့ ပြန်လည် စွပ်စွဲလိုက်ပါတယ်။