မြန်မာ​ငွေ တန်ဖိုး​ကျနေ​လို့ ဗဟို​ဘဏ်​က ဒေါ်လာ​စျေး ထိန်း​ချူပ်ပေးနေ

_burma_bank_

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒေါ်လာစျေးတက်ရင် ကုန်စျေးနှုန်း တက်တတ်လို့ ဗဟိုဘဏ်ကနေ ဝင်ရောက် ထိန်းပေးနေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တစ်ဒေါ်လာ ကို မြန်မာငွေ ၁၀၁၆ ကျပ် စျေး ပေါက်အောင် ဒေါ်လာစျေးတွေ တက်လာ ခဲ့ရာမှာ အဆမတန် ထိုးတက် မသွားဖို့ ဗဟိုဘဏ်က ထိန်းချူပ် နေတယ် လို့ ဆိုပါတယ်။

ကမ္ဘာ့စျေးကွက် အခြေအနေ မှာလည်း ဒေါ်လာတန်ဖိုး အားကောင်း နေတာက တစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ သွင်းကုန် ပမာဏက ပို့ကုန်အားထက် များနေတာက တစ်ကြောင်း အခုလို မြန်မာငွေ တန်ဖိုး ကျရတာ ဖြစ်တယ် လို့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ဘီဘီစီကို ပြောပါတယ်။

ဒေါ်လာစျေးတွေ တက်ရင် ကုန်စျေးနှုန်းတွေ လိုက်တက်လာလေ့ ရှိတာမို့ ဗဟိုဘဏ် အနေနဲ့ ငွေလဲနှုန်းကို သတ်မှတ် ပေးတာမျိုး၊ ဒေါ်လာ ဝယ်လိုတဲ့ ပုဂ္ဂလိက ဘဏ်တွေကို ငွေပမာဏ ထိန်းချူပ်ပြီး ရောင်းပေးတာမျိုး လုပ်ပြီး ကိုင်တွယ် နေတယ်လို့ ဦးဝင်းသော် က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်လာငွေ လဲနှုန်းကို ၂၀၁၂ ခုနှစ်လောက် ကစပြီး အစိုးရက ၈၈၅ ကျပ် စ သတ်မှတ်ပြီး နောက်ပိုင်း အခု တစ်ထောင်ကျော် ကို ရောက်လာတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံမှာ အခုလို ပွင့်လင်း ရာသီ မှာ ခရီးသွား လုပ်ငန်း၊ ဆန်၊ ပဲ၊ ငါး၊ ပုဇွန် လုပ်ငန်းတွေကနေ ဒေါ်လာတွေ ဝင်လာတာကြောင့် ဒေါ်လာဈေး ကျပြီး မြန်မာငွေဈေး တက်လေ့ ရှိပါတယ်။

ဒီနှစ် ပွင့်လင်း ရာသီမှာတော့ အခုလို ဒေါ် လာဈေး တက်ပြီး မြန်မာငွေဈေး ကျသွားတာကို ကြည့်ရင် မြန်မာ့ စီးပွားရေး လုပ်ငန်းတွေရဲ့ အခြေအနေ သိပ်မကောင်းတဲ့ သဘော တွေ့နေရတယ် လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေ က သုံးသပ် နေကြပါတယ်။