အမေရိကန်ရဲ့ အာရှ အစီအစဉ်

viet US

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံစဉ်

ပြီးခဲ့တဲ့ကြာသပတေးနေ့က ဗီယက်နမ်အပေါ် စစ်လက်နက် ပစ္စည်း ရောင်းဝယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုကို ဖြေလျှော့သက်သာပေးလိုက် တာနဲ့ ဒီနှစ်ထဲမှာပဲ ဧပြီလကုန်ပိုင်းက ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ စစ်ဘက်ဆိုင်ရာ သဘော တူ စာချုပ် သက်တမ်းတိုးမြှင့်လိုက်တာ ဟာ အာရှမှာ အမေရိ ကန်လုံခြုံရေးတိုးမြှင့်မှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

အခုလတ်တလောဆောင်ရွက်ချက်တွေဟာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ပင်လယ်ရေပိုင်နက် အငြင်းပွားမှုမှာ အမေရိကန်ဟာ သူ့မဟာမိတ်တွေရဲ့ တုန့်ပြန်နိုင်စွမ်းအားကို တိုးမြှင့်ပေးနိုင်ဖို့ ကူညီဆောက်ရွက်ပေးနေပါတယ်။

ဖိလစ်ပိုင်နဲ့ အနှစ်နှစ်ဆယ် စစ်အခြေစိုက်စခန်းဆိုင်ရာ သဘောတူညီချက် သက်တမ်းကုန်ဆုံးသွားပြီးနောက် အမေရိကန် စစ်တပ်တွေ ထောင်ဂဏန်းများစွာ ယာယီချထားခွင့် သဘောတူညီချက်ကို ၁၀ နှစ် စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ဟာ ၂၀၀၉ ခုနှစ်မှာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ ကြားနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ်မှာ ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန်ပိတ်ဆို့ထားတာကို လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်မယ်လို့ မြန်မာအစိုးရက ကြေညာပြီးနောက်မှာ ပိတ်ဆို့မှု ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ အာရှကို အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုအဖြစ်ကျင့် သုံးရေးမျှော်မှန်းချက်ကို အရှေ့အလယ်ပိုင်းအရေးတွေက အနှောင့်အယှက်ပေးနေပါတယ်။

ကမ္ဘာကြီးဟာ အမေရိကန်က စီမံထားတဲ့အတိုင်း အံဝင်ဂွင်ကျ ဖြစ်မလာပါဘူး။ အီရတ်နဲ့ အာဖဂန်ကနေ မြန်မြန်ဆန်ဆန် နောက်ပြန်ဆုတ်ဖို့ ခက်နေပါတယ်။ အာရပ်ဒေသမှာ အသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ သူ့ရဲ့ ပြိုင်ဖက် ရုရှားဟာ ပြန်လည် ကြီးထွားလာပြီး ယူကရိန်း ပြဿနာမှာ ရင်ဆိုင်နေရပါတယ်။

အစ္စလာမ်နိုင်ငံ အိုက်ဇစ်ကြောင့်လည်း မူလကရည်ရွယ်မထားဘဲ အီရတ်နဲ့ ဆီးရီးယားမှာ လေကြောင်းတိုက်ပွဲ ဆင်နွှဲနေရပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ ဗီယက်နမ်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်ကို သမ္မတအိုဘားမားကို အဓိကဝေဖန်သူတဉီးဖြစ်တဲ့ ရီပတ်ဘလစ်ကန် အမတ် ဂျွန်မက်ကိန်းက ထောက်ခံလိုက်ပြီး သူ့ရဲ့ နိုင်ငံခြားရေး အကြံပေး ခရစ္စ ဘရို့စ်ကလည်း အမေရိကန်ရဲ့ အာရှမူဝါဒဟာ လက်တွေ့ ဆောင်ရွက်ဖို့ ဖြစ်နိုင်ပါသေးတယ်လို့ ဆိုပါတယ်ခင်ဗျာ။