သင်္ချိုင်း ဖျက်ဆီးမှုနဲ့ စွပ်စွဲခံရသူတွေကို အုပ်ချုပ်ရေး အဖွဲ့ ခွင့်လွှတ်

Muslims in Mandalay
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့က အစ္စလာ်မ ဘာသာရေး ခေါင်းဆောင် များ

ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ဆန်တဲ့ ပဋိပက္ခအတွင်း အစ္စလာမ် သင်္ချိုင်းကို ဖျက်ဆီးတယ်ဆိုပြီး တရားစွဲခံထားရတဲ့ လူငယ်၁၅ ယောက်ကို အစ္စလာမ် သင်္ချိုင်း အုပ်ချုပ်မှု ကော်မတီက ခွင့်လွှတ်ကြောင်း ပြောပါတယ်။

ဘာသာပေါင်းစုံ ပါဝင်တဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီကို စာနဲ့ရေးသားပြီး မေတ္တာ ရပ်ခံခဲ့လို့ သူတို့ ဘက်ကလည်း နားလည် ခွင့်လွှတ်ဖို့ ဆုံးဖြတ်ကြတာ ဖြစ်တယ်လို့ အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီဒုတိယ ဥက္ကဌ ဦးတင့်ဆွေက ဘီဘီစီကို ပြောပါတယ်။

တစ်ဘာသာနဲ့ တစ်ဘာသာ အချင်းချင်း ကြားမှာ နားလည် ခွင့်လွှတ်ပေးဖို့ မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပြီး သူတို့ အနေနဲ့လည်း မန္တလေး တစ်မြို့တည်းသား အချင်းချင်း ရှေ့ဆက် အမုန်း မပွားလိုတဲ့စိတ်၊ အာဃာတတွေ မထားလိုတဲ့ စိတ် ရှိပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေ ဖြစ်အောင် လှုံဆော်သူတွေ ရှိနေတယ်ဆိုတာ သက်သေပြစရာ မရှိပေမဲ့ သူတို့ ယူဆထားတယ်လို့ ဆိုပါတယ်။

ဒီလူငယ် တွေဟာ လမ်းမပေါ်ရောက်အောင် တွန်းတင် ခံရသူတွေ ဖြစ်လို့ သူတို့ကို အပြစ်ကြီး မကျစေလိုဘူး လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။

မြန်မာ နိုင်ငံက တရားရုံးတွေမှာ ရင်ဆိုင်ရတဲ့ ပြဿနာက ကြီးမားလွန်းတာကြောင့် အဲဒီလူငယ်တွေကို ပထမဆုံး တရားစွဲတဲ့နေ့ တရားရုံးကို သွားခဲ့တဲ့ နေ့ကတည်းက စာနာစိတ် ဖြစ်မိပြီး သူတို့ဘက်က ကျေအေးလို့ ရရင် လုပ်ပေးချင် ပါတယ်လို့ ပြောခဲ့ကြောင်း ဦးတင့်ဆွေက ပြောပါတယ်။

အစ္စလာမ် ခေါင်းဆောင် အများစုက ပြဿနာတွေ ဖြစ်မှာ မလိုလားကြပေမဲ့ အခုလို ခွင့်လွှတ်တဲ့ ကိစ္စမှာတော့ သဘော မတူသူတွေလည်း ရှိကောင်း ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက စာနဲ့ရေးသားပြီး မေတ္တာရပ်ခံခဲ့တဲ့ အတွက် သူတို့ဘက်က စာနဲ့ ပြန်လည် တုံ့ပြန်မယ်၊ အဲဒီစာကို တရားရုံးကို ဆက်ပို့တဲ့အခါ ထည့်သွင်း စဉ်းစားရင်တော့ လူငယ်တွေ သက်သာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးတင့်ဆွေက ပြောပါတယ်။

ဒါပေမဲ့ တကယ်တန်း အမှု ကို စွဲဆိုထားတာက အစိုးရ ဖြစ်နေတော့ ကျေအေးဖို့ အပိုင်းက တရားရုံးနဲ့သာ ဆိုင်တယ်လို့လည်း သူက ပြောပါတယ်။