ဒေါ်လာစျေးတွေ တက်ပြီး ကျပ်စျေးတွေကျ

ပထမဆုံးအကြိမ်အဖြစ် အမေရိကန် တဒေါ်လာကို ကျပ်တစ်ထောင် နှုန်းကို ရောက်လာ
ဓာတ်ပုံ ပုံစာ, ပထမဆုံးအကြိမ်အဖြစ် အမေရိကန် တဒေါ်လာကို ကျပ်တစ်ထောင် နှုန်းကို ရောက်လာ

မြန်မာနိုင်ငံက ငွေလဲကောင်တာတွေမှာ မြန်မာငွေနဲ့ အမေရိကန် ဒေါ်လာ လဲနှုန်းဟာ အခု ရက်ပိုင်းအတွင်း တစ်ဒေါ်လာကို နှစ်ဆယ်ကျပ်လောက် ဈေးတက်သွားပါတယ်။

ဒေါ်လာငွေ လဲနှုန်းဟာ၂၀၁၂ ခုနှစ်လောက် ကစပြီး အစိုးရက ၈၈၅ ကျပ် စတင် သတ်မှတ်ပြီး နောက်ပိုင်း အခု တစ်ထောင်ကျော် ကို ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။

ဒေါ်လာဈေး တက်ရင် ပြည်ပကို မြန်မာနိုင်ငံ အဓိက တင်ပို့နေတဲ့ ပို့ကုန်တွေ ဖြစ်တဲ့ ဆန်တို့ ပဲတို့ ငါးတို့ ပုဇွန် ရောင်းတဲ့သူတွေက တွက်ခြေ ကိုက်တယ်လို့ ပြောလို့ ရပေမယ့် လက်ရှိ မြန်မာနိုင်ငံ က ပြည်ပ ပို့ကုန် တင်ပို့မှုက အခု ရက်ပိုင်း ကျဆင်းနေတယ်လို့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ စိုးထွန်း က ဘီဘီစီကို ပြောပါတယ်။

အခုလို ဆန်တင်ပို့မှုတွေ ကျဆင်းနေသလို ပဲကလည်း အဓိက ဝယ်နေတဲ့ အိန္ဒိယက အဝယ်နည်း နေပါတယ်။

ဒါအပြင် အရင်က ပြည်ပ ဝင်ငွေ အရများတဲ့ စာရင်းမှာ ပါတဲ့ ငါး ပုဇွန် တင်ပို့မှုဟာ ဒီနှစ်တွေထဲမှာ သိသိသာသာ ကျဆင်း နေပါတယ်။

ဒီလို ဝင်ငွေရတဲ့ ပို့ကုန်တွေ ကျဆင်း နေပေမယ့် ပြည်တွင်းက မဖြစ်မနေ ဝယ်ပြီး တင်သွင်းနေတဲ့ ဒီဇယ်တို့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကတော့ ပွင့်လင်း ရာသီဆိုရင် ပိုပြီး တင်သွင်း ရလေ့ ရှိပါတယ်။

အစိုးရ တရားဝင် စာရင်းတွေ အရ ကုန်သွယ်မှုဟာ အခုနှစ် အောက်တိုဘာ တတိယပတ် အထိ ဒေါ်လာ ၃ဘီလီယံ လောက်အထိ လိုငွေ ပြနေပါတယ်။

ဒါအပြင် အခု ရက်ပိုင်း ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေ ရောင်းနေတဲ့ ဒေါ်လာတွေကို ပမာဏ လေးပုံတစ်ပုံလောက် လျှော့လိုက် တာလည်း ရှိပါတယ်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံမှာ ပွင့်လင်း ရာသီ ရောက်လာချိန်မှာ ခရီးသွား လုပ်ငန်း၊ ဆန်၊ ပဲ၊ ငါး၊ ပုဇွန် လုပ်ငန်းတွေက ဒေါ်လာတွေ ဝင်လာတာကြောင့် ဒေါ် လာဈေး ကျပြီး မြန်မာငွေဈေး တက်လေ့ရှိပေမယ့် ဒီနှစ် ပွင့်လင်းရာသီမှာ အခုလို ဒေါ် လာဈေး တက်ပြီး မြန်မာငွေဈေး ကျသွားတာကို ကြည့်ရင် မြန်မာ့ စီးပွားရေး လုပ်ငန်းတွေဟာ လက်တွေ့မှာ အခြေအနေ မကောင်းတဲ့ သဘောလည်း ဖြစ်တယ်လို့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။