ဘန်ကီမွန်းက ရိုဟင်ဂျာကို ခွဲခြားမဆက်ဆံဖို့ ပြော

bank ki moon in burma

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, နေပြည်တော်ရောက် ဘန်ကီမွန်း

အာဆီယံထိပ်သီးဆွေးနွေပွဲကြီးကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရိုဟင်ဂျာတွေကို ခွဲခြားမဆက်ဆံဖို့ ပြောလိုက်ပါတယ်။

‘‘ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ သမ္မတနဲ့ မြန်မာခေါင်းဆောင်တွေအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းဖို့ ကျွန်တော် အားပေး တိုက်တွန်းပါတယ်’’လို့ ဘန်ကီမွန်းက ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်းက အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို ဆန့်ကျင့်လှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီး မြန်မာဘက်က အလေးအနက်ထားဖို့ နဲ့ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေအပေါ် လူသားချင်းစာနာမှု အကူအညီပေးဖို့ကိုလည်း ပြောခဲ့ပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂ ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာအရေးတွေမှာ မြန်မာနိုင်ငံ ပိုပြီးတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေတာကို ကြိုဆိုတယ်လို့လည်း ဘန်ကီမွန်းက ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ရည်ရွယ်လုပ်ဆောင်နေတာအပါအဝင် လူထုဘဝ တိုးတက်ရေး ဆောင်ရွက်ချက်တွေမှာ အောင်မြင်မှုတွေ ရှိနေတာကို ဂုဏ်ယူပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ အရေးပါတယ်လို့ ပြောခဲ့ပါတယ်။