အီရတ် အစိုးရသစ်ကို ပါလီမန် အတည်ပြု

ဆွန်နီနဲ့ ကာ့ဒ် လူမျိုးစုတွေရဲ့ ယုံကြည်မှု ပြန်တည်ဆောက်နိုင်ဖို့ ဝန်ကြီးချုပ် အဘာဒီ ရည်ရွယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆွန်နီနဲ့ ကာ့ဒ် လူမျိုးစုတွေရဲ့ ယုံကြည်မှု ပြန်တည်ဆောက်နိုင်ဖို့ ဝန်ကြီးချုပ် အဘာဒီ ရည်ရွယ်

အီရတ်နိုင်ငံမှာ ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ ဉီးဆောင်ပြီး လူမျိုးစုတွေ အားလုံး ပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရသစ် တရပ်ကို ပါလီမန်က ထောက်ခံ အတည်ပြုလိုက်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေ ကိုတော့ လောလောဆယ် မခန့်အပ်ရသေးပေမယ့် လာမယ့် သီတင်းပတ်အတွင်း ထုတ်ဖေါ် ကြေညာမယ် လို့ မစ္စတာ အယ်လ် အဘာဒီ က ပြောပါတယ်။

ကျန်တဲ့ ဝန်ကြီး ရာထူးတွေကိုတော့ လူများစု ရှီအာနဲ့ ဆွန်နီ၊ ကာ့ဒ်စ် လူမျိုးစုတွေ အကြား အာဏာ ခွဲဝေ ကျင့်သုံးရေး သဘောတူချက် တခုအရ အသီးသီး သတ်မှတ် ခန့်ထားလိုက်ပြီး ဖြစ်ပါတယ်။

ဒီလို အစိုးရသစ် ဖွဲ့လိုက်တာဟာ အီရတ်နိုင်ငံရဲ့ ၃ပုံ၁ပုံလောက်ကို သိမ်းပိုက်ထားတဲ့ ဂျီဟာ့ဒ် ဝါဒီ Islamic State အစ္စလာမစ် နိုင်ငံအဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်ရာမှာ အရေးပါတဲ့ ခြေလှမ်းတရပ်လို့ ယူဆရပါတယ်။

မစ္စတာ အဘာဒီအနေနဲ့ ဆွန်နီနဲ့ ကာ့ဒ် လူမျိုးစုတွေရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက် နိုင်မယ့် အားလုံး ပါဝင်တဲ့ အစိုးရအဖွဲ့တဖွဲ့ ဖွဲ့နိုင်ရေးကို ရည်ရွယ်ထားတာပါ။

ဆွန်နီနဲ့ ကာ့ဒ် လူမျိုးစုတွေဟာ အရင် ဝန်ကြီးချုပ် နူရီ အယ်လ် မာလီခီရဲ့ အစိုးရ အဖွဲ့ထဲကနေ နှုတ်ထွက်ခဲ့ကြပြီး ဝန်ကြီးချုပ် နူရီ အယ်လ် မာလီခီ ဟာ လူများစု ရှီအာတွေ အတွက် အာဏာကို လက်ဝါးကြီးအုပ် ချုပ်ကိုင် ထားတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က အီရတ်နိုင်ငံမှာ စည်းလုံး ညီညွတ်တဲ့ အစိုးရ တရပ် ဖွဲ့စည်းလိုက်နိုင်တာဟာ နိုင်ငံအတွက် အရေးပါတဲ့ သမိုင်း ကျောက်တိုင်တရပ် စိုက်ထူလိုက်နိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။