သမ္မတ အိုဘားမား ရဲ့ ပြည်သူသို့ အသိပေးချက်

_bbc_304x171_bbc
ဓာတ်ပုံ ပုံစာ, သမ္မတ အိုဘားမား

အမေရိကန်သမ္မတ အိုဘားမား က၊ အိုင်အက်စ် အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ရဲ့ ခြိမ်းခြောက်မှု ကို ပြန်လည်တုံ့ပြန်နိုင်ရေး အတွက် ပြင်ဆင် ထား တဲ့ ဗျူဟာ ကို အမေရိကန် ပြည်သူ တွေ သိရအောင် ရုပ်မြင်သံကြား ထုတ်လွှင့်ချက် က တဆင့် အသိ ပေးတော့ မှာပါ။

ဒီအခါမှာ စစ်ရေး အရ အရေးယူမဲ့ နည်းဗျူဟာ တွေ နဲ့ အိုင်အက်စ် အဖွဲ့ ကို တိုက်နေကြတဲ့ ဆီးရီးယား မှ အတိုက်အခံ သူပုန်အုပ်စု၊ နဲ့ အီရပ် လုံခြုံရေး တပ်ဖွဲ့ တွေ ကို အထောက်အကူ ပေးမဲ့ အစီအစဉ်တွေ ပါဝင်တဲ့ အကြောင်း၊ ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် ရာဂျင်နီ ဗီဒ်ယာနာသန် က အိမ်ဖြူတော် ကနေ သတင်းပေးပို့ လိုက်တာပါ။ ဒါ့အပြင်၊ လေကြောင်း တိုက်ပွဲ တွေ လည်း တိုးမြှင့်ဖို့ ရှိပါတယ်။

သမ္မတ အိုဘားမား ရဲ့ မိန့်ခွန်း နဲ့ ပတ်သက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကလည်း၊ သမ္မတ ရဲ့ မိန့်ခွန်း ကို ကမ္ဘာ ကပါ ကြားရတဲ့ အခါမှာ၊ သူချမှတ် ထားတဲ့ စစ်ဗျူဟာ ဟာ အိုင်အက်စ် အဖွဲ့ ကို စနစ်တကျ နဲ့ ဖြိုခွဲ လို့ ရအောင်၊ ပြင်ဆင်ထားတာ ကို အသိပေး မဲ့ အကြောင်း၊ သူ ကိုယ်တိုင်လည်း၊ ဒီရက် အတောအတွင်း မှာ ဒေသတွင်း နိုင်ငံတွေ ကို လှည့်လည်ယင်း နိုင်ငံ အသီးသီး က ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးဉီးမဲ့ အကြောင်း၊ သူတို့ အားလုံး အနေနဲ့ အိုင်အက်စ် အဖွဲ့ ကို ချေမှုန်း တဲ့ အခါမှာ၊ ညွန့်ပေါင်းတပ်ဖွဲ့ တွေ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တာဝန်ယူကြ ရမဲ့ အပိုင်းတွေ ကို အသေးစိတ် ဆွေးနွေးကြမဲ့ အကြောင်း ရှင်းပြတာပါ။

အီရပ်ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ် အဘာဒီ ကဆိုရင်၊ မစ္စတာ ကယ်ရီ နဲ့ အတူ၊ သတင်းထောက်တွေ ကို ရှင်းပြရာမှာ၊ အိုင်အက်စ် အဖွဲ့ ရဲ့ အန္တရာယ် ဟာ ဒေသတွင်း မှာ ကင်ဆာရောဂါ ကပ်ဆိုး လို့ ပြန့်ပွား နေတာပါ။ ဒါကြောင့် မို့ သူတို့ကို နှိမ်နင်းဖို့ ဆုံးဖြတ်ချက်တွေ ချရတဲ့ အကြောင်း၊ အခုဆိုရင် အီရပ် မှာလည်း ပါတီ နဲ့ အဖွဲ့တွေ ပါဝင်ခွင့် ရတဲ့ အစိုးရသစ် ဖွဲ့ပြီးသွားပေမဲ့၊ နိုင်ငံတကာ က ကူညီပံ့ပိုးမှု အထိုက်အလျှောက် လည်း လိုအပ်ပါတယ် လို့ ပြောသွားတာပါ။