တအာင်းတပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲထပ်ဖြစ်

TNLA

ဓာတ်ပုံ ရင်းမြစ်, T.N.L.A

ဓာတ်ပုံ ပုံစာ, တအာင်းတပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်တို့ကြား စနေနေ့တုန်းက တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တအာင်းတပ်တွေ နေတဲ့ တောင်ကုန်းတစ်ခုကို အစိုးရတပ်တွေက ဝင်လာချိန်မှာ တိုက်ပွဲစဖြစ်တာလို့ TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာဟာ ကျောက်မဲ-မိုးကုတ်လမ်းကနေ ၂ နာရီလောက် လမ်းလျောက်လို့ ရတဲ့ နေရာဖြစ်ပြီး တောတောင်ထဲမှာ ဖြစ်တဲ့ တိုက်ပွဲလို့ သူက ဆိုပါတယ်။

TNLA တပ်တွေဟာ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်တွေ ဘက်မှာ ပျောက်ကြား လှုပ်ရှားနေပြီး အစိုးရတပ်တွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့အတွက် တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ခြေ အလွန်များကြောင်း တာဘုန်းကျော်က ပြောပါတယ်။

၂၀၁၄ အတွင်းမှာတင် တိုက်ပွဲငယ် ၁၀၀ ကျော် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းတပ်ဟာ အစိုးရနဲ့ သီးသန့် ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ မလုပ်နိုင်တာ တစ်နှစ်ကျော်ရှိနေပြီလို့လည်း တာဘုန်းကျော်က ပြောပါတယ်။