၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်ပြီဖြစ်သော်လည်း တပ်မတော်သားတဦး ဖြစ်နေသဖြင့် အငြိမ်းစား ပင်စင်ယူရန် အစီအစဉ် မရှိသေးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင်နောင်ခန်းမ၌ ယနေ့ကျင်းပသည့် တပ်မတော်နှင့် မီဒီယာ တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဧရာဝတီ သတင်းဌာနက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ၂၀၁၆ ခုနှစ်ထဲတွင် အသက် ၆၀ ပြည့်ပြီဟု သိရှိထားသဖြင့် ပင်စင်ယူရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ တပ်ချုပ် မင်းအောင်လှိုင်က ပင်စင်ယူရန် အစီအစဉ် မရှိသေးကြောင်း ပြန်လည် ပြောကြားခြင်း ဖြစ်သည်။
“မယူပါဘူး။ ယူဖို့ အစီအစဉ် မရှိပါဘူး”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်ချုပ်အနေဖြင့် ပင်စင်မယူရခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀(ခ)တွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားခြင်း၊ အသက် ၆၀ ပြည့်လျှင် ပင်စင်ယူရမည့် ဝန်ထမ်း ဥပဒေသည် တပ်မတော်နှင့် တိုက်ရိုက် မသက်ဆိုင်ခြင်း တို့ကြောင့် ပင်စင်ယူမည် မဟုတ်ဟုလည်း သိရသည်။
နိုင်ငံဝန်းထမ်း ဥပဒေ ပုဒ်မ ၂(င)တွင် ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်း အဖွဲ့အစည်းတရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတခုခုအတွက် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းဟု ခေါ်သည့် စကားရပ်သည် ယခုဥပဒေပါ စကားရပ်တချို့သည် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်ရဟု ရေးသားထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာများသို့ ပြောသည်။
“ဆိုလိုတာကတော့ အသက် ၆၀ ဆိုတဲ့ သတ်မှတ်ချက်ဟာ ထူးခြားတဲ့ ဝိသေသရှိတဲ့ ကျနော်တို့ တပ်မတော်နဲ့တော့ တိုက်ရိုက် မဆိုင်ဘူးဆိုတာ ကျနော်ပြောလိုပါတယ်”ဟုလည်း သူက ဆိုသည်။
ထို့အပြင် ဥပဒေကဲ့သို့ အမိန့်ထုတ်ပြန်၍ ဆောင်ရွက်ရသည့် ၁၉၇၃ ခုနှစ် ကာကွယ်ရေးဌာန ကောင်စီ(ကကန ကောင်စီ) အမိန့်သည် အတည်ဖြစ်ဆဲဖြစ်ကြောင်း၊ ယင်းအမိန့်တွင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည့် အရာရှိသည် မိမိအား စစ်ဘက် ဆိုင်ရာ ဆက်လက် အမှုထမ်းစေရန် လိုအပ်သည့် ကာလပတ်လုံး စစ်မှုထမ်းစေရန် ခွင့်ပြုထားသည်ဟု တပ်ချုပ်က ပြောဆိုသည်။
“၆၀ ဆိုတဲ့ ဝန်ထမ်း ဥပဒေနဲ့တော့ တပ်မတော်နဲ့ မပတ်သက်ပါဘူး။ ယေဘုယျအားဖြင့်တော့ အသက် ၆၀ ကတော့ မှန်ပါတယ်။ ကျနော်တို့ဆီမှာ ကန့်သတ်ချက် မရှိဘူးဆိုတာ ပြောလိုပါတယ်။ အရာရှိများ အနေနဲ့ပေါ့နော်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။
ထို့ကြောင့် ယခုနောက်ပိုင်းတွင် ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး တာဝန်များ ယူမည်ဆိုပါက တာဝန်ထမ်းဆောင်ရမည့် ကာလကို ကန့်သတ်ချက် ပြုလုပ်၍ ကန့်သတ်လိုက်ပြီဟု တပ်ချုပ် မင်းအောင်လှိုင်က ပြောဆိုသော်လည်း မည်သို့ ကန့်သတ် ထားကြောင်းကိုမူ ထည့်သွင်း ပြောဆိုခြင်း မရှိပေ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် တပ်ပိုင်းဆိုင်ရာများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသော်လည်း တိုင်းပြည်ရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဦးဆောင်မှုကို ခံယူကြောင်း၊ တိုင်းပြည်ရေးရာ ဆောင်ရွက်ချက် အားလုံးကို သမ္မတကို တင်ပြ၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောသည်။
တပ်ချုပ် ကိုကိုးကျွန်းသို့ ညအိပ်ခရီး သွားရောက်စဉ်ကလည်း သမ္မတ ဦးထင်ကျော်ထံသို့ တင်ပြခဲ့ကြောင်း၊ ရက္ခိုင့် တပ်မတော်(AA) ကိစ္စ လွှတ်တော်တွင် ရှင်းလင်းတင်ပြစဉ်ကလည်း ကာကွယ်ရေး ဝန်ကြီးသည် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ အလျင် သွားရောက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
“အများထင်နေသလို မဟုတ်ပါဘူး။ ကျနော်က သမ္မတရဲ့ အောက်မှာပဲ ရှိပါတယ်”ဟု တပ်ချုပ် မင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် တိုင်းပြည်တွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိပါက ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများ လွှတ်တော်ထဲတွင် ဆက်ရှိနေတော့မည် မဟုတ်ဘဲ ထိုအချိန်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုလည်း စဉ်းစားပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။
“အဲဒီအချိန်ကျရင် ၂၀၀၈ ဖွဲ့စည်းပုံက ပြည်သူလိုချင်တဲ့ အဖြေဖြစ်လာမှာပါ။ ကျနော်တို့ကလည်း ဖွဲ့စည်းပုံကို မပြင်ဘူးလို့ ဘယ် တုန်း ကမှ မပြောခဲ့ပါဘူး။ ပြင်ပေးလိုတဲ့ ဆန္ဒလည်း ရှိပါတယ်”ဟုလည်း တပ်ချုပ်က ပြောသည်။
အများပိုင် ကုမ္ပဏီအဖြစ် ပြန်လည် ဖွဲ့စည်းလိုက်သည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၏ ရှယ်ယာများကိုလည်း အများပြည်သူများသို့ ထုတ်ရောင်းသွားမည် မဟုတ်ဘဲ ကာကွယ်ရေး ဝန်ကြီးဌာန အထူး အက်ဥပဒေအရ လက်ရှိ တပ်မတော်သားများ၊ အငြိမ်းစား တပ်မတော် သားများကိုသာ ရင်းနှီးမြှပ်နှံခွင့် ပေးမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။