မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(Myanmar Peace Center-MPC) ကို အမျိုးသား ရင်ကြားစေ့ ရေးနှင့် ငြိမ်းချမ်းရေးစင်တာ ဗဟို ဟူ၍ အမည် ပြောင်းလဲ ဖွဲ့စည်းမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တို့ ယနေ့ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပသော အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု JMC ၏ ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ဧရာဝတီကို ပြောသည်။
ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက“MPC– Myanmar Peace Center ဆိုတာကို နာမည်ပြောင်းလိုက်ပြီး ထပ်ဖွဲ့စည်းပြီး သွားမယ်လို့ ပြော တယ်။ ပြောင်းမှာက အမျိုး သား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး စင်တာ ဗဟို (National Reconciliation and Peace Center) ပေါ့နော်”ဟု ပြောပြသည်။
JMC ကို အစိုးရ၊ တပ်မတော်နှင့် လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့နှင့် အရပ်သားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
JMC သည် တိုက်ပွဲများ ပြန်လည် မဖြစ်ပွားစေရန် ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသန္တရ အဆင့်ဟူ၍ အဆင့် ၃ ဆင့်ဖွဲ့၍ ပစ်ခတ်တိုက်ခိုက်မှုများ ကို စောင့်ကြည့်နေသော်လည်း MPC မှ ပေးနေသည့် ရန်ပုံငွေ သက်တမ်း ကုန်ဆုံးပြီ ဖြစ်သဖြင့် JMC ၏ လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန် အဖွဲ့ ရန်ပုံငွေများ လိုအပ်လျက် ရှိသည်ဟု သိရသည်။
အစိုးရ က အသစ်ပြန်လည် ဖွဲ့စည်းမည့် “အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး စင်တာ- ဗဟို” တွင် လုပ်ငန်းများ လည်ပတ်နိုင်ရန် အတွက် နိုင်ငံတကာ၏ အကူအညီများ ရရှိစေရန် ကြိုးစားပေးမည်ဖြစ်ကြောင်း၊ ရန်ပုံငွေများနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည် က သေချာ စိစစ်သွားမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောဆိုသွားသည်ဟု ဆိုသည်။
အစိုးရ က အသစ် ပြန်လည် ဖွဲ့စည်းမည့် အဖွဲ့ တွင် ပါဝင်သင့် ပါဝင်ထိုက်သူများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ဖိတ်ကြားခံရသူများက ရွေးချယ်သွားမည်ဟု ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောသည်။
ဆက်လက်၍ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက“အသစ်ဖွဲ့မယ့်ထဲမှာ ဘယ်သူတွေက ပါဝင်သင့် ပါဝင်ထိုက်တယ် ဆိုတာ အစည်း အဝေး သပ်သပ် လုပ်ပြီးတော့ သူ(ဒေါ်အောင်ဆန်းစုကြည်) ပြန်ဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီမှာ ကျနော်တို့ တိုင်းရင်းသား ဘက်ကို ဖိတ်မယ်။ JMC က တပ်မှူးကြီးတွေလည်း ခေါ်မယ်။ အဲဒီလို သိထားပါတယ်”ဟု ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်က MPC ကို အမည်ပြောင်းလဲ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ကိုမူ အသေးစိတ် ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိဟု ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က ပြောသည်။
အဆိုပါ MPC ဌာနသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ အဓိက ကြားခံ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့်အဖွဲ့တခု ဖြစ်သည်။
ယခင် အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်း MPC ၏ အဓိက နေရာတွင် ပါဝင်ခဲ့သည့် ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး စသည့် ပုဂိ္ဂိုလ်များကို ဒေါ်အောင်ဆန်းစုကြည်က တာဝန် ပြန်လည်ပေး၊ မပေးကိုလည်း ထပ်မံပြုလုပ်မည့် အစည်း အဝေး တွင် ဆုံးဖြတ်မည်ဟု ဆိုသည်။
MPC သည် အစိုးရဟောင်းလက်ထက် က ကုလသမဂ္ဂ (UN) ၊ ဥရောပ သမဂ္ဂ (EU)၊ ဂျပန်နိုင်ငံနှင့် နိုင်ငံတကာမှ ထောက်ပံ့သည့် ငွေကြေးဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ ငွေကြေးများသည် ယခု ဧပြီလတွင် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။
MPC သည် အဖွဲ့အစည်းအသီးသီးထံမှ ရရှိထားသည့် ရန်ပုံငွေဖြင့် ယခင် အစိုးရလက်ထက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ခဲ့ သည်။
ထို့နောက်၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်(NCA) ကို တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ အနက် ၈ ဖွဲ့ နှင့် အစိုးရတို့ လက်မှတ် ထိုးခဲ့သည်။