တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး စတင်

စက်တင်ဘာလ ၂၈ ရက် ချင်းမိုင်(မဇ္ဈိမ) ။        ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(ANC) အပြီးသတ်ဆွေးနွေး ဆုံးဖြတ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် ကျင်းပနေပြီ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်နေသည်။
အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လ၊ PNLO မှ ဦးခွန်မြင့်ထွန်းနှင့် ALPမှ ခိုင်စိုးနိုင်အောင်တို့ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ သမ္မတနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော ရလဒ်များကို စက်တင်ဘာလ ၂၈ ရက် အစည်းအဝေး ပထမနေ့တွင် အစီရင်ခံမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် NCA နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းမည် ဖြစ်ပြီး လက်ရှိ တိုင်းရင်းသားနယ်မြေ အသီးသီးအတွင်း စစ်ရေး၊ နိုင်ငံရေးဖြစ်ပေါ်မှုများကို အကြေအလည် ဆွေးနွေး မည် ဖြစ်ကြောင်း ယနေ့ အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်း၏ သဘောထားများ ရယူ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်နိုင်ရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည့် ဆုံးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
(ဓာတ်ပုံ - ဖနိဒါ၊ မဇ္ဈိမ)