တရားခံပြေး အားလုံးကို ကုန်စင်အောင် ဖမ်းမယ်လို့ ကျောက်တော်ရဲ ပြော။

_rakhine

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၂ အကြမ်းဖက်မှုတွေ အတွက် အလို ရှိနေ သူတွေ ဆိုပြီး ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးတာတွေ လုပ်ဆောင် နေပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ထဲမှာ တရားခံပြေး အနေနဲ့ သတ်မှတ်ထားတဲ့ သူ ၁၀၀ ကျော် ကို ရဲတပ်ဖွဲ့က ကုန်စင်အောင် ဖမ်းမယ် ဆိုပြီး စီမံချက် ချ လိုက်လံ ဖမ်းဆီး နေတယ် လို့ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှုး က ပြောပါတယ်။

မြို့ခံ ရခိုင် အသိုင်းအဝိုင်း ကတော့ အခုလို လိုက်လံ ဖမ်းဆီးတာ ကို ခံနေရတဲ့ အတွက် ထွက်ပြေး တိမ်းရှောင်နေရ သူတွေဟာ ၂၀၁၂ ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ထဲမှာ ပါဝင် ပတ်သက် ခဲ့သူတွေ အဖြစ် စွပ်စွဲ ခံထား ရသူတွေ ဖြစ်တယ် ဆိုပြီး ပြောပါတယ်။

တည်ငြိမ် အေးချမ်းနေတဲ့ အခြေအနေမှာ အခုလို ဖမ်းဆီးမှု တွေ လုပ်ရင် မွတ်ဆလင် နဲ့ ရခိုင် တွေ အကြား တခါ ပြဿနာ ပြန်လည် ဖြစ်လာ နိုင်တာကို စိုးရိမ်ရတဲ့ အတွက် ဖမ်းဆီးနေတဲ့ လုပ်ရပ်ကို ပြန်လည် စိစစ်ပေးဖို့ ကျောက်တော် မြို့ခံတွေ စုပေါင်းပြီး ရခိုင် ဝန်ကြီးချုပ်ဆီ တင်ပြ ခဲ့တယ်လို့ မြို့မိမြို့ဖ တစ်ဦး ဖြစ်တဲ့ ဦးမောင်ဝင်း က ဘီဘိစီကို ပြောပါတယ်။

လတ်တလော မှာ ဖမ်းဆီးခံရသူ ၄ ဦး ရှိနေပြီး ကျန်သူတွေကတော့ တိမ်းရှောင် နေကြ ဆဲပဲ လို့ သိရပါတယ်။