ဂြိုဟ်ဆင်းယာဉ် ကြယ်တံခွန်ပေါ်မှာ ပြဿနာ ကြုံနေ

philae ယာဉ် ဆင်းသက်စဉ် ရိုက်ထားတဲ့ ပုံ။

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, philae ယာဉ် ဆင်းသက်စဉ် ရိုက်ထားတဲ့ ပုံ။

ဗုဒ္ဓဟူးနေ့က ကြယ်တံခွန် ပေါ်ကို ခက်ခက်ခဲခဲ ဆင်းသက် ခဲ့ရတဲ့ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ အခုတော့ ကြယ်တံခွန် မျက်နှာပြင် ပေါ်မှာ တည်တည် ငြိမ်ငြိမ် ရပ်နား လိုက်နိုင်ပြီး ဓာတ်ပုံတွေ စတင် ပို့ပေး နေပေမယ့် သူ့ရဲ့ ဘက်ထရီ သက်တမ်းနဲ့ ပတ်သက်လို့တော့ စိုးရိမ် နေရတယ်လို့ သိရပါတယ်။

ကြယ်တံခွန် မျက်နှာပြင်ပေါ်ကို ဆင်းသက်စဉ်က ၂ ကြိမ်တိုင် အာကာသထဲ ပြန်လွင့်စင် ထွက်ခဲ့ပြီးနောက် မူလ ရည်ရွယ် ထားတဲ့ နေရာကနေ ၁ ကီလိုမီတာ အကွာမှာ ရှိတဲ့ ကျောက်ဆောင် တစ်ခုရဲ့ အရိပ်ထဲမှာ ရပ်နား လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ ဘက်ထရီကို အားပြန်သွင်းဖို့ အတွက် နေရာင်ခြည် လုံလုံလောက်လောက် မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

Philae ဂြိုလ်ဆင်း ယာဉ်ကို ကြယ်တံခွန်ပေါ်မှာ ကျောက်ချ ချိတ်တွယ် ထားသေးတာ မဟုတ်တဲ့အတွက် အဲဒီနေရာမှာပဲ အခြေချ ထားရှိမလား၊ တခြား ပိုကောင်းတဲ့ နေရာကို ရွှေ့ရမလား ဆိုတာကို ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

အာကာသ ခရီးစဉ် နှစ်ပေါင်း ၁၀ နှစ် ကြာခဲ့ အပြီးမှာ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ ကြယ်တံခွန် တစ်ခုပေါ် ပထမဆုံး ဆင်းသက် နိုင်တဲ့ အာကာသယာဉ် အဖြစ် သမိုင်း မှတ်တိုင် ထူလိုက် နိုင်ခဲ့ပါတယ်။