သားကြောဖြတ် ပေးတဲ့ အိန္ဒိယ ဆရာဝန်ကို ဖမ်းဆီး

အမျိုးသမီး ၉၀ ကျော်ကို ဆေးရုံတင်ထားရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမျိုးသမီး ၉၀ ကျော်ကို ဆေးရုံတင်ထားရ

အိန္ဒိယ နိုင်ငံက အစိုးရ ဆေးခန်း တစ်ခုမှာ သားကြောဖြတ် ခွဲစိတ်မှု ခံယူတဲ့ အမျိုးသမီးတွေ သေဆုံး ခဲ့ရတာနဲ့ ပတ်သက်ပြီး အဲဒီ ခွဲစိတ် သားကြောဖြတ် ပေးခဲ့တဲ့ ဆရာဝန်ကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။

ဒေါက်တာ RK Gupta နဲ့ သူ့လက်ထောက်တို့ဟာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္လာ နေ့တွေက ချပ်တီးစ်ဂါ ပြည်နယ်က ဆေးခန်း ၂ ခုမှာ အမျိုးသမီး ၁၃၀ ကို သားကြောဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမ ဆေးခန်းက အမျိုးသမီး ၁၄ ဦး သေဆုံးပြီး ဒုတိယ ဆေးခန်းက တစ်ဦး ထပ်မံ သေဆုံး ခဲ့ကာ အယောက် ၉၀ ကျော်ကို ဆေးရုံ တင်ထားရပါတယ်။

ထိန်းသိမ်း ခံထားရတဲ့ ဆရာဝန် R K Gupta ကတော့ ဆေးဝါး အာနိသင် ချွတ်ယွင်းမှုကြောင့် အခုလို ပြဿနာ ဖြစ်ခဲ့ရပုံ ရပြီး သူ့မှာ တာဝန် မရှိကြောင်း ငြင်းဆို ထားပါတယ်။

အရင်ကလည်း တစ်နေ့ကို လူနာ ၃ ရာလောက် အထိ သူ သားကြောဖြတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။

တနေ့ကို လူနာ ၃၅ ယောက်ထက် ပိုပြီး သားကြော မဖြတ်ဖို့ အစိုးရက သတ်မှတ် ထားပါတယ်။