အိုဘားမားရဲ့ မဟာဗျူဟာ ကြေညာဖို့ရှိ

obama_

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ အိုဘားမား

အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ ကို နှိမ်နှင်းဖို့ ချမှတ်ထား တဲ့ မဟာဗျူဟာတွေ နဲ့ ပတ်သက်ပြီး၊ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ချပြမှာ ဖြစ်တယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောလိုက်ပါ တယ်။

ဗုဒ္ဓဟူးနေ့ ၁၀ရက်နေ့ဟာ၊ အမေရိကန် ပြည်ထောင်စု ကြုံတွေ့ခဲ့ရတဲ့ 9/11 လို့ ခေါ်တဲ့၊ ၂၀၀၁ ခုနှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်ခံရမှု ရဲ့ နှစ်ပတ်လည် မတိုင်ခင် တစ်ရက် အကြိုနေ့လည်း ဖြစ်ပါတယ်။

အမေရိကန် ရုပ်မြင်သံကြားပေါ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အတွင်း၊ သမ္မတ အိုဘားမားက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ လက်နက်ကိုင်တွေ အရေးကို ကိုင်တွယ်ဖို့၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေး အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး၊ သူ့အနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်သွားမလဲ ဆိုတာကို ထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း၊ ပြောသွားပါတယ်။

သူ ရည်ရွယ်ထားတဲ့ အထဲမှာ၊ ရွေးချယ် သတ်မှတ် ထားတဲ့ ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်ကောင်း ပြုလုပ်မယ့် အစီအစဉ်တွေ ပါဝင်နိုင်ပေမယ့်၊ အမေရိကန် စစ်တပ်ကိုတော့ မြေပြင် တိုက်ပွဲတွေ လုပ်ဖို့ စေလွှတ်မှာ မဟုတ်ဘူး ဆိုပြီး၊ မစ္စတာ အိုဘားမားက ဆိုပါတယ်။

မစ္စတာ အိုဘားမားရဲ့ မဟာဗျူဟာ အစီအစဉ်တွေ မှာ အားဖြည့် ကူညီပေးမယ် ဆိုပြီး၊ ယူကေ၊ ပြင်သစ်၊ ဂျာမဏီ၊ တူရကီနဲ့ ပိုလန်တို့က ကမ်းလှမ်းထားတယ် လို့ ဝါရှင်တန်မှာ ရှိနေတဲ့ သတင်းထောက် တွေ ဆိုပါတယ်။

ဒီ အချိန်မှာပဲ၊ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ ကို တိုက်ခိုက် နှိမ်းနှင်းရာ မှာ ပါဝင်ကြဖို့၊ အာရပ်နိုင်ငံများ အဖွဲ့ချူပ် Arab League ရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် Nabil Elaraby က၊ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး အပေါ် တိုက်တွန်း လိုက်ပါတယ်။

အစောပိုင်းကလည်း၊ Arab League နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ကိုင်ရိုမြို့ အစည်းအဝေးမှာ ၊ အဆိုပါ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ကို တိုက်ဖျက်ရာမှာ ဒေသတွင်း အနေနဲ့ရော၊ နိုင်ငံတကာ အတိုင်းအတာနဲ့ပါ ပူးပေါင်း ဆောင်ရွက် ဖို့ သဘောတူ ခဲ့ကြပါတယ်။